CNI International News

မနီလာ၊ ဩဂုတ် ၁၃

ထိုင်ဝမ်အရေးနှင့်ပတ်သက်ပြီး စစ်ပွဲဖြစ်ပွားလာပါက ဖိလစ်ပိုင်လည်း မလွဲမသွေ ပါဝင်လာလိမ့်မည်ဟု ဖိလစ်ပိုင် သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာ (Ferdinand Marcos Jr. ) က ဩဂုတ် ၁၁ ရက်တွင် ပြောကြားခဲ့သည်ဟု DW သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

ထိုင်ဝမ်တွင် ဖိလစ်ပိုင် အလုပ်သမား အများအပြားရှိနေပြီး ထိုင်ဝမ်ကျွန်းသည် ဖိလစ်ပိုင်နှင့် နီးကပ်စွာ တည်ရှိနေ သဖြင့် စစ်ဖြစ်လာပါက ဖိလစ်ပိုင်လည်း ပါဝင်လိမ့်မည်ဟု ၎င်းက ပြောသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက “ပထဝီဝင် တည်နေရာနဲ့ ထိုင်ဝမ်မှာ ဖိလစ်ပိုင်နိုင်ငံသားတွေ ရှိနေတယ်ဆိုတဲ့ အချက်ကို အကြောင်းပြပြီး အခြားနိုင်ငံတွေရဲ့ အချုပ်အခြာအာဏာနဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာ မျိုး မဖြစ်သင့်ပါဘူး” ဟု တုံ့ပြန်ခဲ့သည်။

ထို့ပြင် ဖိလစ်ပိုင် အနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒအား လေးစားသင့်ပြီး တရုတ်၏ အဓိက အကျိုးစီးပွားကို ပြဿနာဖြစ်စေသည့် မီးဖြင့်ကစားနေမှုကို ရှောင်ကြဉ်ရန်လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်းခဲ့ သည်။

တရုတ်၏ တုံ့ပြန်မှုနှင့် ပတ်သက်ပြီး သတင်းထောက်များ၏ မေးမြန်းမှုကို ခံရချိန်တွင် မားကို့စ်က “သူတို့ ဘာပြောနေလဲဆိုတာ ကျနော် မသိပါဘူး။ မီးနဲ့ကစားတယ်ဆိုလားပဲ။ ကျနော်က အချက်အလက်တွေကို အခြေခံပြီး ပြောတာပါ။ ကျနော်တို့ စစ်မဖြစ်ချင်ပါဘူး။ ဒါပေမယ့် ထိုင်ဝမ်နဲ့ပတ်သက်ပြီး စစ်ဖြစ်ရင်တော့ ကျနော်တို့လည်း ပါဝင်လာပါလိမ့်မယ်။ ကျနော်တို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဝင်ပါရပါလိမ့်မယ်။ ကျနော်တို့ ပြဿနာထဲ ဝင်ပါရပါလိမ့်မယ်။ အဲဒီလို မဖြစ်ပါစေနဲ့လို့ ကျနော်မျှော်လင့်ထားပါတယ်။ ဒါပေမယ့် ဖြစ်လာမယ်ဆိုရင်လည်း ကျနော်တို့မှာ အစီအစဉ်ရှိထားပါတယ်” ဟု ဖြေကြားခဲ့သည်။

ဒရုန်းသင်္ဘောကို တွေ့ရစဉ် 

ဩဂုတ် ၁၁ ရက်ကလည်း တောင်တရုတ်ပင်လယ်တွင် ဖိလစ်ပိုင် ကင်းလှည့်သင်္ဘောကို နောက်ယောင်ခံ လိုက်ပြီး မောင်းနှင်ခဲ့သည့် တရုတ်ရေတပ်သင်္ဘော ၂ စင်း အချင်းချင်းတိုက်မိမှု ဖြစ်ပွားခဲ့သည်။

ဖိလစ်ပိုင်၏ ကမ်းခြေစောင့်တပ်ဖွဲ့၊ ရေတပ်နှင့် အခြားသင်္ဘောများသည် တောင်တရုတ်ပင်လယ်အတွင်းရှိ မိမိတို့ ၏ နယ်နိမိတ်များကို ကာကွယ်ရာတွင် အလျှော့ပေးသွားမည် မဟုတ်ကြောင်း မားကို့စ်က သတင်းစာ ရှင်းလင်းပွဲ တွင် ပြောကြားခဲ့သည်။

“တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့သင်္ဘော  CCG 3104 ဟာ ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့သင်္ဘော BRP Suluan ကို အရှိန်နဲ့ နောက်ယောင်ခံ လိုက်နေချိန်မှာပဲ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရဲ့ ရေတပ် သင်္ဘောနဲ့ တိုက်မိခဲ့တာ ဖြစ်ပါတယ်” ဟု ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဂျေး တာရီလာ (Jay Tarriela) က ပြောကြားခဲ့သည်။

Source: DW