CNI International News

ဒါကာ၊ ဩဂုတ် ၁၃

မလေးရှားနှင့် ဒေသတွင်း မိတ်ဖက်နိုင်ငံများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဘင်္ဂါလီဒုက္ခသည်များအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ လုပ်ဆောင်ရန်အတွက် မြန်မာနိုင်ငံ သို့ ပူးတွဲကိုယ်စားလှယ်အဖွဲ့ စေလွှတ်သွားမည်ဟု အာဆီယံဥက္ကဋ္ဌဖြစ်သည့် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာ ဟင် (Anwar Ibrahim) က ဩဂုတ် ၁၂ ရက်တွင် ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်များ နေထိုင်သည့် နေရာဖြစ်သည့် ကော့ဘဇား(Cox's Bazar) ခရိုင်ရှိ ဒုက္ခသည်စခန်းများတွင် ဘင်္ဂါလီဒုက္ခသည် ၁ သန်းကျော်ကို ခိုလှုံခွင့်ပေးထားသည်။

ဘင်္ဂလားဒေ့ရှ်၏ ကြားဖြတ်အစိုးရအဖွဲ့ခေါင်းဆောင် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မိုဟာမက် ယူနွတ် (Muhammad Yunus) ၏ သုံးရက်ကြာ မလေးရှား ခရီးစဉ်အစတွင် အန်ဝါက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရဖို့ကို အဓိက ဦးစားပေးကိစ္စအဖြစ် သတ်မှတ်ထားပါတယ်။ ငလျင်ကြောင့် ထိခိုက် နစ်နာခဲ့ရသူတွေ၊ ဒုက္ခသည်တွေအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကိုလည်း ချက်ချင်း ပေးသွားမှာ ဖြစ်ပါတယ်”ဟု အန်ဝါက ယူနွတ်နှင့် ပြုလုပ်သည့် ပူးတွဲသတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟက်ဆန်ကို တွေ့ရစဉ်

မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟက်ဆန် (Mohamad Hasan) သည် လာမည့် သီတင်းပတ်များ အတွက် မြန်မာ့အရေး ကိစ္စနှင့်ပတ်သက်ပြီး အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ အာဆီယံနိုင်ငံများမှ တာဝန်ရှိ သူများနှင့်  ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အန်ဝါက ပြောကြားခဲ့သည်။

“ဘင်္ဂါလီဒုက္ခသည် အရေအတွက် အများအပြားကို တာဝန်ယူထားရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဝန်ထုပ်ဝန်ပိုးကို ကျနော်တို့ စိုးရိမ်ပါတယ်” ဟု ၎င်းက ဆိုသည်။

လွန်ခဲ့သည့် ၁၈ လအတွင်း မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးတိမ်းရှောင် လာခဲ့သည့် ဒုက္ခသည် ၁ သိန်းခွဲခန့်ရှိကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။

မလေးရှားနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် ယူနွတ်၏ ခရီးစဉ်အတွင်း ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုနှင့် သဘာဝဓာတ်ငွေ့ရည် (LNG)၊ ရေနံထွက်ပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ရေးနှင့် အခြေခံ အဆောက်အအုံဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက် ၅ ခုကို လက်မှတ်ရေးထိုးခဲ့သည်။

Source: ရိုက်တာ