CNI International News
ကွာလာလမ်ပူ၊ ဇန်နဝါရီ ၁၈
အာဆီယံ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် မလေးရှားနိုင်ငံက မြန်မာနိုင်ငံ၏ နိုင်ငံရေး အကျပ်အတည်းနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပြဿနာများကို ရေရှည်တည်တံ့သည့် ဖြေရှင်းချက်တစ်ခု ရရှိစေရန် အားထုတ်ကြိုးပမ်းမှုများကို ထောက်ခံခဲ့သည်ဟု သတင်းဌာနမှ ဖော်ပြခဲ့သည်။
မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို မလေးရှားနိုင်ငံက ဦးစားပေး လုပ်ငန်းတစ်ခုအဖြစ် သတ်မှတ်ထားကြောင်း လည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတွတ် အမ်ရန် မိုဟာမက်ဇင် (Datuk Seri Amran Mohamed Zin) က အတည်ပြုခဲ့သည်။
“အာဆီယံရဲ့ အားထုတ်ကြိုးပမ်းမှုက မြန်မာ့အရေးကို ဖြေရှင်းရာမှာ ကူညီပေးဖို့ အာရုံစိုက်ထားတာပါ။ မြန်မာ့ အရေးကို မြန်မာနိုင်ငံက ဦးဆောင်ဖြေရှင်းရမယ်ဆိုတာ ကျနော်တို့ သိရှိနားလည်ထားပါတယ်။ ဒါပေမယ့် မြန်မာ နိုင်ငံဟာ အာဆီယံအဖွဲ့ဝင်ဖြစ်တာကြောင့် ကျန်တဲ့အာဆီယံနိုင်ငံတွေဟာ မြန်မာ့အရေးကို ငြိမ်းချမ်းစွာ ဖြေရှင်း နိုင်ဖို့အတွက် နည်းလမ်းတစ်ခု ရှာဖွေရမှာ ကူညီပေးရမယ့် တာဝန် ရှိပါတယ်”ဟု မိုဟာမက်ဇင်က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်
“မြန်မာ့အရေးကို အဖြေရှာရာမှာ အာဆီယံရဲ့ အားထုတ်ကြိုးပမ်းမှုတွေကို ထောက်ခံခဲ့တဲ့ မိတ်ဖက်နိုင်ငံတွေရဲ့ အကူအညီကိုလည်း ကျနော်တို့ ရယူရပါမယ်”ဟု မိုဟာမက်ဇင်က ပြောကြားခဲ့သည်။
ယခုနှစ်အတွင်း မလေးရှားနိုင်ငံသည် အာဆီယံဥက္ကဋ္ဌ နေရာကို ရယူချိန်တွင် ကျန်သည့် အာဆီယံနိုင်ငံများ အားလုံးက မလေးရှားဝန်ကြီးချုပ် ဒါတွတ်ဆရီ အန်ဝါ အီဘရာဟင် (Datuk Seri Anwar Ibrahim) ၏ အစိုးရ အဖွဲ့အပေါ် အာရုံစိုက်စောင့်ကြည့်ခဲ့ကြသည်။
မြန်မာကိုယ်စားလှယ် နေရာကိုတွေ့ရစဉ်
အန်ဝါ၏ အစိုးရအဖွဲ့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတးက်ရေးတွင် မည်သို့မည်ပုံဖြင့် ကြီးမားသည့် အခန်းကဏ္ဍမှ ပါဝင်လုပ်ဆောင်မည်ဆိုခြင်းကို ကျန်အာဆီယံနိုင်ငံများက စိတ်ဝင်စားနေကြသည်။
မြန်မာနိုင်ငံတွင် တပ်မတော်က အာဏာကိုရယူခဲ့သည့် ၂၀၂၁ ခုနှစ် ကတည်းက နိုင်ငံရေး အကျပ်အတည်း ဖြစ်ပွားခဲ့ပြီး လက်နက်ကိုင်အဖွဲ့များ၏ တိုက်ခိုက်မှုများ ဖြစ်ပွားလာခဲ့သည်။
ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးရုံး (OCHA) ၏ ထုတ်ပြန်ချက်အရ မြန်မာ့တပ်မတော်နှင့် အခြားလက်နက်ကိုင် အဖွဲ့များအကြား တိုက်ပွဲများဆက် လက်ဖြစ်ပွားနေကြောင်း ဖော်ပြထားသည်။
OCHA ၏ မြန်မာနိုင်ငံဆိုင်ရာ လူသားချင်း စာနာထောက်ထားမှု နောက်ဆုံးရ အချက်အလက်များတွင် ၂၀၂၄ ခုနှစ် ကုန်ပိုင်း၌ မြန်မာနိုင်ငံအတွင်းမှာ နေရပ်စွန့်ခွာထွက် ပြေးနေရသူပေါင်း ၃ သန်းခွဲအထိ ရှိလာခဲ့ကြောင်း ဖော်ပြခဲ့ သည်။
Source: Bernama