CNI International News

ဘေကျင်း၊ ဇန်နဝါရီ ၁၈

အာဆီယံနိုင်ငံများအနေဖြင့် အွန်လိုင်းလောင်းကစား လုပ်ငန်းများနှင့် အွန်လိုင်းငွေလိမ်ဂိုဏ်းများကို တိုက်ဖျက်ရန် ခိုင်မာသည့် စီမံချက်များ ချမှတ်လုပ်ဆောင်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) က ဇန်ဝါရီ ၁၆ ရက် တွင် ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ထိုရာဇဝတ်လုပ်ငန်းများကို တိုက်ဖျက်ရာတွင် သက်ဆိုင်ရာနိုင်ငံများ အနေဖြင့် တာဝန်နှင့် ဝတ္တရားများအား မျှဝေ ထမ်းဆောင်ကြရန်လည်း ဝမ်က တိုက်တွန်းခဲ့သည်။

ထိုင်း-မြန်မာနယ်စပ်တွင် အွန်လိုင်းလောင်းကစား လုပ်ငန်းများနှင့် ကျားဖြန့်စင်တာများ၏ လူမှောင်ခိုကူးမှု ဖြစ်စဉ်များသည် တရုတ်နှင့် အခြားနိုင်ငံများ၏ နိုင်ငံသားများကို ထိခိုက်နစ်နာစေခဲ့ကြောင်း ဝမ်က ပြောသည်။

ဝမ်သည် ဒေသတွင်း သံတမန်များနှင့် ကြုံတောင့်ကြုံခဲ ပြုလုပ်သည့် အစည်းအဝေးအတွင်း တရုတ်အနေဖြင့် တရားဥပဒေစိုးမိုးရေး၊ နိုင်ငံအားလုံးမှ ပြည်သူများ လုံခြုံစွာ ခရီးသွားလာနိုင်ရေးတို့အတွက် အာဆီယံနိုင်ငံများနှင့် အတူ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်လိုကြောင်း ပြောကြားခဲ့သည်။

အရှေ့တောင်အာရှတွင် ကျားဖြန့်လုပ်ငန်းများနှင့် လူမှောင်ခိုကူးမှုအပေါ် တရုတ်က အလွန်စိုးရိမ်နေကြောင်းကို ဝမ်၏ မှတ်ချက်စကားများက ပြသရာရောက်ခဲ့သည်။

ကျားဖြန့်လုပ်ငန်းကို မလုပ်ရန် BGF-DKBA နဲ့ တရုတ်လုပ်ငန်းရှင်တွေ ဆွေးနွေးကြစဉ်

ထို့ပြင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို တိုက်ဖျက်ရန် ထိုင်းနှင့် မြန်မာ ပါဝင်သည့် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံနှင့် တရုတ်အကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် အရေးတကြီး လိုအပ်နေသည့် အခြေအနေကိုလည်း ထင်ရှားစေခဲ့သည်။

တရုတ်ခရီးသွားများသည် Covid-19 ကပ်ရောဂါ မတိုင်ခင်က ဒေသတွင်း ဒေါ်လာ ဘီလျံချီ သုံးစွဲခဲ့ကြသဖြင့် အာဆီယံနိုင်ငံများအတွက် အဓိကဝင်ငွေ အရင်းအမြစ်တစ်ခုဖြစ်ခဲ့သည်။

သို့သော် တရုတ်၏ လူမှုမီဒီယာများတွင် ကျားဖြန့်လုပ်ငန်းများနှင့် လူမှောင်ခိုကူးသည့် သတင်းများက ပျံ့နှံ့နေ သဖြင့် တရုတ်ခရီးသွားများသည် အာဆီယံနိုင်ငံများကို ခရီးသွားရန် စိုးရိမ်လျက်ရှိသည်။

မကြာသေးခင်က ဟိုးလေးတကျော် ဖြစ်သွားခဲ့သည့် ဖြစ်စဉ်တစ်ခုမှာ တရုတ်သရုပ်ဆောင် ဝမ်ရှင်း (Wang Xing) သည် ယခုလအစောပိုင်းက ထိုင်း-မြန်မာနယ်စပ်အနီးတွင် ပျောက်ဆုံးသွားခဲ့ပြီး ရက်ပိုင်းအကြာမှာပင် မြန်မာနိုင်ငံ အတွင်း၌ ပြန်လည်တွေ့ရှိခဲ့သည့် ဖြစ်စဉ်ဖြစ်သည်။

ဝမ်သည် လူမှောင်ခို ကူးခံခဲ့ရသည်ဟု ယူဆရကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြီးခဲ့သည့် သီတင်းပတ်အတွင်း ပြောကြား ခဲ့သည်။

Source: ဘန်ကောက်ပို့စ်