CNI International News

မနီလာ၊ အောက်တိုဘာ ၂၄

တောင်တရုတ်ပင်လယ်တွင် တရုတ်နှင့် ဖိလစ်ပိုင်အကြား လက်နက်ကိုင် ထိပ်တိုက်တွေ့မည့် အခြေအနေသို့ ဦးတည်နေမှုနှင့်အတူ အာဆီယံနိုင်ငံများနှင့် တရုတ်အကြား ပြိုင်ဆိုင်မှုသည် အန္တရာယ်ကြီးမားသည့် အဆင့်သစ် တစ်ခုအတွင်း ဝင်ရောက်လာခဲ့သည်ဟု Asia Times မှ ဖော်ပြခဲ့သည်။

ထိုအချိန်အတောအတွင်း အမေရိကန်နှင့် ၎င်း၏ မဟာမိတ်နိုင်ငံများက တောင်တရုတ်ပင်လယ်၏ အငြင်းပွားဖွယ် ရေပြင်များအတွင်း ကင်းလှည့်မှုများကို ပိုမိုလုပ်ဆောင်နေသဖြင့် တရုတ်ကို ဒေါသထွက်စေခဲ့ကာ ပထဝီနိုင်ငံရေး အရ ထိပ်တိုက်တွေ့မှု မြင့်တက်လာခဲ့သည်။

တရုတ်ကမူ အမေရိကန်သည် ထိုင်ဝမ်ကျွန်းပါ လွှမ်းခြုံပါဝင်သည့် ပင်လယ်ရေကြောင်း နယ်နိမိတ်များတွင် တည်ငြိမ်မှု ပျက်ယွင်းစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသည်ဟု စွပ်စွဲခဲ့သည်။

ထို့ပြင် လာအိုတွင် ပြုလုပ်ခဲ့သည့် အာဆီယံ အစည်းအဝေးများ၌ အာဆီယံနိုင်ငံများ အထူးသဖြင့် ဖိလစ်ပိုင်နိုင်ငံ တို့က တောင်တရုတ်ပင်လယ် အရေးနှင့်ပတ်သက်ပြီး တရုတ်ကို အလေးထား ပြောဆိုခဲ့သည်။

တရုတ်နဲ့အာဆီယံနိုင်ငံများရဲ့ အလံများကိုတွေ့ရစဉ်

အာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် အိမ်ရှင် လာအိုနိုင်ငံ၏ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည့်တိုင် အာဆီယံသည် တောင်တရုတ်ပင်လယ်အရေးကို ဖြေရှင်းနိုင်မည့် ခိုင်မာသော ယန္တရားများထူထောင်ရန် သဘောတူညီချက် ရရှိခဲ့ခြင်းမရှိပေ။

တရုတ်၏ အဓိကကုန်သွယ်ဖက်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မိတ်ဖက်နိုင်ငံဖြစ်သည့် လာအိုသည် အာဆီယံ အစည်းအဝေးတွင် ဆွေးနွေးရမည့် အကြောင်းအရာများကို စည်းကမ်းချက်များ သတ်မှတ်ခဲ့သည်။

အာဆီယံအတွင်းရေးမှူးချုပ်ဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံသား ကာကင်ဟွမ် (Kao Kim Hourn) ကမူ တောင်တရုတ်ပင်လယ်တွင် တရုတ်၏ နယ်နိမိတ်ပိုင်ဆိုင်ကြောင်း ထွက်ဆိုမှုများနှင့်ပတ်သက်ပြီး ကျင့်ဝတ် စည်းကမ်းများ ရေးဆွဲရန် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ (Ferdinand Marcos Jr) ကမူ တောင်တရုတ်ပင်လယ်အရေးတွင် အာဆီယံ၏ တွန့်ဆုတ်နေမှုကို  စိတ်ပျက်ကြောင်းဖော်ပြခဲ့ပြီး တရုတ်ကိုလည်း သွယ်ဝိုက်ဝေဖန်ခဲ့သည်။

"ကျနော်တို့ဟာ ဆက်လက်ပြီး အနှောင့်အယှက် အပေးခံနေရပါတယ်။ သက်ဆိုင်ရာ နိုင်ငံတွေအနေနဲ့ တင်းမာမှု တွေ လျော့ကျစေဖို့နဲ့ မတူကွဲပြားမှုတွေကို စီမံခန့်ခွဲဖို့ ပွင့်ပွင်းလင်းလင်း လုပ်ဆောင်သင့်ပါတယ်" ဟု မားကို့စ်က ပြောကြားခဲ့သည်။

Source: Asia Times