CNI International News

ဆိုးလ်၊ အောက်တိုဘာ ၂၃

မြောက်ကိုရီးယားက ရုရှားကို စစ်သားများ ထောက်ပံ့ပေးနေသည့် သတင်းများထွက်ပေါ်နေသောကြောင့် တောင်ကိုရီးယားကလည်း ယူကရိန်းကို လက်နက်များထောက်ပံ့ရန် စတင်စဉ်စားနေကြောင်း တာ့စ်သတင်းဌာနမှ ဖော်ပြခဲ့သည်။

ယခင်က တောင်ကိုရီးယားသည် ယူကရိန်းကို သေစေနိုင်လောက်သည့် စစ်လက်နက်များ ထောက်ပံ့ခဲ့ခြင်း မရှိသော်လည်း ရုရှားနှင့် မြောက်ကိုရီးယားအကြား စစ်ရေးပူးပေါင်း ဆောင်ရွက်မှု အခြေအနေအပေါ် မူတည်ပြီး ယူကရိန်းကို လက်နက်များထောက်ပံ့ရန် စဉ်းစားလာခဲ့ခြင်းဖြစ်သည်ဟု တောင်ကိုရီးယား၏ ယွန်ဟပ်သတင်း အေဂျင်စီက ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားကို ရုရှား စစ်ဘက်ဆိုင်ရာ နည်းပညာများ ထောက်ပံ့မှု၊ မြောက်ကိုရီးယားက ရုရှားကို စစ်သား များ ထောက်ပံ့ပေးမှု အပါအဝင် ရုရှားနှင့် မြောက်ကိုရီးယားအကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို တောင်ကိုရီးယားက အနီးကပ်စောင့်ကြည့်နေသည်ဟု ဆိုသည်။

ရုရှားကမူ မြောက်ကိုရီးယား စစ်သားများကို ရုရှားသို့ ပို့ဆောင်နေသည့်ဆိုသည့် သတင်းများသည် သတင်း အမှားများသာဖြစ်ကြောင်း ငြင်းဆိုခဲ့သည်။

တောင်ကိုရီးယားသည် ယူကရိန်းကို လက်နက်များ တိုက်ရိုက် ထောက်ပံ့ခြင်းထက် သွယ်ဝိုက်ထောက်ပံ့မှုကိုပိုပြီး ဦးစားပေးစဉ်းစားနေကြောင်း ယွန်ဟပ်မှ ဖော်ပြခဲ့သည်။

ရုရှားသမ္မတ ပူတင်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ကိုတွေ့ရစဉ်

သွယ်ဝိုက် ထောက်ပံ့မှုဆိုသည့် အဓိပ္ပာယ်မှာ လက်နက်ခဲယမ်းများကို တောင်ကိုရီးယားက ယူကရိန်းကို တိုက်ရိုက် ပို့ဆောင်ခြင်း မဟုတ်ဘဲ တတိယနိုင်ငံ တစ်နိုင်ငံကို ကြားခံထားပြီး ထိုနိုင်ငံမှတစ်ဆင့် ယူကရိန်းကို လက်နက် ခဲယမ်းများ ထောက်ပံ့မည့် အဓိပ္ပာယ်ဖြစ်သည်။

ယွန်ဟပ်သတင်းအေဂျင်စီကမူ တောင်ကိုရီးယားသည် ယူကရိန်းအား  Cheongung-II အမည်ရှိ မြေပြင်မှ ဝေဟင်ပစ် တာလတ်ပစ် ဒုံးကျည်စနစ်ကို ထောက်ပံ့ပေးဖွယ်ရှိကြောင်း ဖော်ပြခဲ့သည်။

မြောက်ကိုရီးယား စစ်သားများ ရုရှားသို့ ပို့ဆောင်နေသည့် သတင်းများနှင့်ပတ်သက်ပြီး တောင်ကိုရီးယားက လျစ်လျှူရှုထားမည် မဟုတ်ကြောင်း တောင်ကိုရီးယားသမ္မတ ယွန်းဆော့ရွဲ(Yoon Suk-yeol) က နေတိုး အတွင်းရေးမှူးချုပ် မာ့ခ် ရူတီ (Mark Rutte) နှင့် တယ်လီဖုန်း ဆက်သွယ်မှုတွင် ပြောဆိုခဲ့သည်။

အထူးသဖြင့် ယွန်းသည် နေတိုးနှင့် ယူကရိန်းအကြား လုံခြုံရေးပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်စေလိုကြောင်း ပြောကြားခဲ့ပြီး ရူတီကလည်း တောင်ကိုရီးယား-နေတိုး-ယူကရိန်း သုံးပွင်းဆိုင် စစ်ဘက်-စက်မှုကဏ္ဍတွင် ပူးပေါင်း ဆောင်ရွက်မှုကို ချဲ့ထွင်ရန် မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။

Source: တာ့စ်