CNI International News

ဆိုးလ်၊ ဧပြီ ၂၀

တောင်ကိုရီးယားကသာ ယူကရိန်းကို စစ်ရေး အကူအညီများပေးလျှင် ရုရှားအနေဖြင့် မြောက်ကိုရီးယားသို့ ခေတ်မီ လက်နက်များပေးခြင်းဖြင့် တုံ့ပြန်သင့်သည်ဟု ရုရှားသမ္မတဟောင်း ဒီမီထရီမက်ဗီဒက်ဗ် (Dmitry Medvedev) က အကြံပြုခဲ့ကြောင်း အာတီသတင်းမှ ဖော်ပြခဲ့သည်။

ဗုဒ္ဓဟူးနေ့က Reuters သတင်းဌာနနှင့် အင်တာဗျူးတစ်ခုတွင် ယူကရိန်းပဋိပက္ခနှင့်ပတ်သက်၍ မူဝဒါပိုင်းဆိုင်ရာ ဖြစ်နိုင်ဖွယ် ပြောင်းလဲမှုတစ်ခု အကြောင်းကို တောင်ကိုရီးယားသမ္မတ ယွန်ဆော့ရွဲ(Yoon Suk-yeol) က ဖြေကြားခဲ့သည်။

အမေရိကန် ခရီးစဉ်မတိုင်ခင် ဖြစ်သည်။ အရပ်သားများအပေါ် အကြီးအကျယ် တိုက်ခိုက်ခြင်း၊ အစုလိုက် အပြုံ လိုက် သတ်ဖြတ်ခြင်း သို့မဟုတ် စစ်ဥပဒေများကို ပြင်းပြင်းထန်ထန် ချိုးဖောက်ခြင်းတို့ကဲ့သို့ နိုင်ငံတကာ အသိုင်း အဝိုင်းမှ လျစ်လျူမရှုနိုင်သော အခြေအနေများ ရှိလာလျှင် လူသားချင်းစာနာမှု သို့မဟုတ် ဘဏ္ဍာရေး အကူအညီပဲ သက်သက်ပေးရန်မှာ ခက်ခဲသည်ဟု ယွန်က ပြောသည်။

စစ်အတွင်း ပါဝင်သည့် နိုင်ငံများနှင့် ဆက်ဆံရေးအပြင် တိုက်ပွဲ အခြေအနေများကို ထည့်သွင်း စဉ်းစားခြင်းဖြင့် သင့်တော်သော လုပ်ဆောင်ချက်များကို ချမှတ်ဆောင်ရွက် သွားမည်ဟုလည်း သမ္မတက ပြောခဲ့သည်။

ရုရှားသမ္မတဟောင်း ဒီမီထရီမက်ဗီဒက်ဗ်ကိုတွေ့ရစဉ်

ထိုပြောဆိုမှုကို ရုရှားအမျိုးသား လုံခြုံရေးကောင်စီ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ မက်ဗီဒက်ဗ်က တုံ့ပြန်ခဲ့ခြင်းဖြစ်ကာ မြောက်ကိုရီးယားတွင် ရုရှားလုပ် လက်နက်များ ပိုင်ဆိုင်ထားလျှင် တောင်ကိုရီးယားပြည်သူများ အနေဖြင့် မည်သို့ ပြောဆိုမည်လည်း စဉ်းစားမိသည်ဟု လူမှုကွန်ယက်တွင် ရေးသားခဲ့သည်။

မြောက်ကိုရီးယားကို ဟန့်တားရေး ခိုင်မာသည့် ရလဒ်များရရှိရန် အမေရိကန်သမ္မတနှင့် ဆွေးနွေးသွားမည်ဟု ယွန်က ပြောသည်။

တောင်ကိုရီးယားသည် မြောက်ကိုရီးယားထံမှ ခြိမ်းခြောက်မှုများကို ကာကွယ်ရန် ခေတ်မီ စွမ်အားမြင့် လက်နက် များ ဖန်တီးနေသည်ဟုလည်း ၎င်းက ပြောသည်။

မြောက်ကိုရီးယားသည် ပြီးခဲ့သည့် သီတင်းပတ်တွင် ၎င်းတို့၏ ပထမဆုံးသော အစိုင်အခဲ စွမ်းအင်သုံး တိုက်ချင်း ပစ် ပဲ့ထိန်းဒုံးကျည်ကို ပစ်ခတ် စမ်းသပ်မှု လုပ်ဆောင်ခဲ့သည်။

တောင်ကိုရီးယားသည် လက်နက် ထုတ်လုပ်သည့် ပင်မနိုင်ငံများမှ တစ်ခု အပါအဝင်ဖြစ်ကာ စစ်ဇုန်များသို့ လက်နက်များ ထောက်ပံ့ခြင်းကို တားမြစ်သည့် မူဝါဒကြောင့် ယူကရိန်းသို့ စစ်လက်နက် အကူအညီများ ပေးပို့ရန် ရှောင်ကျဉ်ထားသည်။

တောင်ကိုရီးယားသမ္မတ ယွန်ဆော့ရွဲကိုတွေ့ရစဉ်

သမ္မတ၏ ပြောဆိုမှုသည် မူဝါဒပိုင်းဆိုင်ရာ ပြောင်းလဲမှု မဟုတ်ကြောင်းလည်း သမ္မတ ရုံးဘက်မှ တုံ့ပြန်ထား သည်။

သို့သော် တောင်ကိုရီးယား အစိုးရသည် ၁၅၅ မမ အမြောက်များအတွက် ကျည်ပေါင်း ၅၀၀,၀၀၀ ခန့်ကို အမေရိကန်သို့ ချေးငှားရန် စဉ်းစားနေသည်ဟု တောင်ကိုရီးယား မီဒီယာများက ဖော်ပြခဲ့ကြသည်။

ယင်းက ရုရှားနှင့် စစ်ပွဲတွင် ယူကရိန်းတပ်များ လိုအပ်နေသော ခဲယမ်း အမျိုးအစားလည်း ဖြစ်သည်။

ထိုအကြောင်းအရာနှင့် ပတ်သက်၍ ယင်းသည် တောင်ကိုရီးယား အစိုးရအတွက် ရုရှားအား ရန်စခြင်းကို မဖြစ်စေ ဘဲ နိုင်ငံတကာ အသိုင်းအဝိုင်း၏ တာဝန်ယူမှုရှိသော အဖွဲ့ဝင်တစ်ဦး ဖြစ်သည်ကို ဖော်ပြသည့် ယူကရိန်းအတွက် တိုက်ရိုက် မဟုတ်သော အကူအညီပေးမှု ဖြစ်သည်ဟုလည်း တောင်ကိုရီးယားအစိုးရ အရာရှိတစ်ဦးက Dong-A Ilbo သတင်းဌာနသို့ ပြောသည်။

Source: အာတီ