CNI International News

ကိယတ်ဗ်၊ ဧပြီ - ၂၀

အမေရိကန်လုပ် Patriot ဒုံးကျည်များ ယူကရိန်းသို့ရောက်ရှိလာပြီဟု ယူကရိန်းကာကွယ်ရေးဝန်ကြီး ကဗုဒ္ဓဟူးနေ့တွင်ပြောကြောင်း AP သတင်းတွင်ဖော်ပြသည်။

ယူကရိန်းသို့ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်စနစ်များ ထောက်ပံ့ပေးမည်ဟု အမေရိကန်က အောက်တိုဘာလတွင် သဘောတူခဲ့သည်။

Patrio စနစ်သည် လေယာဉ်များ၊ ခရုစ်ဒုံးကျည်များနှင့် တာတိုပစ် ပဲ့ထိန်းဒုံးကျည်များကဲ့သို့ ယူကရိန်း ဓာတ်အား ပေးစနစ်များနှင့် လူနေဒေသများကို တိုက်ခိုက်ရေး ရုရှားဘက်မှသုံးသော လက်နက်များကို ပစ်ချနိုင်စွမ်းရှိသည်။

ယနေ့တွင် ယူကရိန်း၏ လှပသော ကောင်းကင်သည် ပို၍ ဘေးကင်းသွားခဲ့ပြီဟု ကာကွယ်ရေးဝန်ကြီး အိုလက်စီ ရတ်ဇ်နီကော့ဗ်က တွစ်တာပို့စ် တစ်ခုတွင် ပြောခဲ့သည်။

အနောက်အုပ်စုသည် ထိုဒုံးကျည် စနစ်များအပြင် ယူကရိန်းသို့ တင့်ကားများ၊ အမြောက်များနှင့် တိုက်လေယာဉ် များ ပေးပို့ရန်လည်း ကတိပြုထားသည်။

ယူကရိန်တပ်ဖွဲ့များက တန်ပြန် ထိုးစစ်ဆင်မှုများအတွက် ပြင်ဆင်မှု တိုးမြှင့် လုပ်ဆောင်နေချိန်တွင် ဖြစ်သည်။

Patriot စနစ်သုံး ဒုံးကျည်ကိုတွေ့ရစဉ်

ဒုံးကျည်များနှင့်ပတ်သက်၍ ရတ်ဇ်နီကော့ဗ် (Reznikov) က အမေရိကန်၊ ဂျာမနီနှင့် နယ်သာလန်တို့ကို ကျေးဇူး တင်စကား ပြောကြားခဲ့သော်လည်း ဒုံးကျည် အရေအတွက် မည်မျှနှင့် မည်သည့် အချိန်တွင် ရောက်ရှိမည်ကို တော့ ပြောဆိုခဲ့ခြင်း မရှိပေ။

Patriot ဒုံးကျည်စနစ်များ ပေးပို့ခြင်းက အထင်ကရ ဖြစ်ရပ်တစ်ခုဖြစ်ကြောင်းနှင့် ယင်းတို့က ယူကရိန်းတပ်ဖွဲ့ဝင် များအတွက် ပို၍ဝေးသော နေရာမှ ရုရှားပစ်မှတ်များကို တိုက်ခိုက်နိုင်မည် ဖြစ်ကြောင်းလည်း ယူကရိန်းလေတပ် ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း ယူကရိန်းသို့ ပေးပို့ခဲ့သော လက်နက်စာရင်းတွင် Patriot စနစ်များ ပါဝင်သည်ဟု ဂျာမနီဖက်ဒရယ်အစိုးရ ဝဘ်ဆိုဒ်တွင် အင်္ဂါနေ့က ဖော်ပြထားသည်။ လက်နက်များ ပေးပို့လိုက်ပြီဟုလည်း ဂျာမနီ ဝန်ကြီးချုပ်က ဗုဒ္ဓဟူးနေ့တွင် လွှတ်တော်အမတ်များကို အတည်ပြု ပြောဆိုခဲ့သည်။

ဂျာမနီသည် တာလတ်ပစ် IRIS-T လေကြောင်း ကာကွယ်ရေးစနစ် ဒုတိယအသုတ်ကို ပေးပို့ခဲ့ပြီဟုလည်း ဝန်ကြီး က ပြောသည်။

ယူကရိန်းနိုင်ငံအတွင်းမှာ တွေ့ရသည့် လက်နက်ကြီး တစ်လုံး

ယူကရိန်းသို့ Patriot စနစ်များ ထောက်ပံ့ပေးရန် ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ကတည်းက အမေရိကန်ကို တောင်းဆိုခဲ့ ဖူးကြောင်း ရတ်ဇ်နီကော့ဗ်က ပြောသည်။

ထိုစနစ်များကို ပိုင်ဆိုင်ရန်မှာ အိမ်မက်တစ်ခုဖြစ်ကြောင်း ပြောသော်လည်း ထိုစဉ်က တောင်းဆိုမှုကို အမေရိကန် က ငြင်းဆိုခဲ့သည်ဟု ပြောသည်။

ယူကရိန်းတပ်ဖွဲ့ဝင်များသည် Patriot စနစ်အား အသုံးပြုခြင်းနှင့် ထိန်းသိမ်းခြင်းတို့အတွက် လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိရာ အများဆုံး တပ်ဖွဲ့ဝင် ၉၀ ခန့် လိုအပ်သည်ဟု သိရသည်။

အင်အားကြီးမားသော ရန်ဘက် ရုရှား၏ ကျူးကျော်မှုကို ခုခံနေရသည့် ယူကရိန်းတပ်ဖွဲ့ဝင်များအတွက် Patriot ဒုံးကျည်စနစ်များ ရရှိခြင်းက တိုးတက်မှု တစ်ခုဖြစ်သော်လည်း ဒုံးကျည်စနစ်၏ ထိရောက်မှုမှာ အကန့်အသတ် ရှိကြောင်း၊ ယင်းတို့က လက်ရှိစစ်ပွဲ၏ ပုံစံကို သိသိသာသာ ပြောင်းလဲမှု ဖြစ်လာနိုင်ဖွယ် မရှိကြောင်း ကျွမ်းကျင် သူများက သုံးသပ်သည်။

Source: AP