CNI International News

ဆိုးလ်၊ ဇန်နဝါရီ ၁၂ 

မြောက်ကိုရီးယားသည် ရုရှားကို နည်းဗျူဟာမြောက် ပဲ့ထိန်းဒုံးကျည် အမျိုးအစားသစ်များ ပေးပို့ခြင်းဖြင့် ရုရှားနှင့် စစ်ရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် စီစဉ်နေသည်ဟု တောင်ကိုရီးယားက ပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ထို့ပြင် မြောက်ကိုရီးယားသည် နျူကလီးယား တိုက်ခိုက်မှုများပြုလုပ်ရန် ဒီဇိုင်းထွင်ထားသည့် ၎င်း၏ ကိုယ်ပိုင် ဒုံးကျည်များကို မကြာမီ စမ်းသပ်ဖွယ်ရှိနေသည်ဟုလည်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး ရှင်းဝန်ဆစ် (Shin Wonsik) က ပြောကြားခဲ့သည်။

ကင်မ်ဂျုံအန် (Kim Jong Un) ၏ အစိုးရအဖွဲ့သည် အမေရိကန်၏ ပင်မနယ်မြေအထိ ရောက်ရှိနိုင်သည့် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်တစ်စင်းဖြင့် ဒုံးကျည်လက်နက် ထိပ်ဖူးအသစ်ကို လေထုထဲဝင်ရောက် ပျံသန်းမည့် စမ်းသပ်မှုကို ပြုလုပ်ရန် စီစဉ်နေသည်ဟု ရှင်းက ယွန်ဟပ် (Yonhup News) နှင့် သီးသန့်ပြုလုပ်ခဲ့သည့် အင်တာဗျူး တစ်ခုတွင် ပြောကြားခဲ့သည်။ 

၎င်း၏ပြောကြားချက်အရ မြောက်ကိုရီးယားသည် ကီလိုမီတာ ထောင်ချီပျံသန်းနိုင်သည့် တာဝေးပစ် ဒုံးကျည် တစ်စင်းကို ပစ်လွှတ်မည့် သဘောသက်ရောက်နေသည်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်နဲ့ ရုရှားကာကွယ်ရေးဝန်ကြီးကို စစ်လက်နက်ပစ္စည်များနဲ့အတူ တွေ့ရစဉ်

ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin)အတွက် ကင်မ်၏ လက်နက် ကူညီထောက်ပံ့မှုများသည် ရုရှား အတွက် ယူကရိန်းအပေါ် လက်နက်ကြီးများဖြင့် တိုက်ခိုက်နေသည့် စစ်ဆင်ရေးကို ဆက်လက် လုပ်ဆောင် နိုင်စေရန် အထောက်အကူ ဖြစ်စေလိမ့်မည်ဟု ရှင်းက ပြောသည်။

မြောက်ကိုရီးယားသည် ရုရှားကို ပိုမိုခေတ်မီ ဆန်းပြားသည့် လက်နက်များ ထောက်ပံ့ပေးခြင်းအားဖြင့် ကင်မ်သည် နိုင်ငံတကာ၏ ပိတ်ဆို့မှုများကြောင့် ထိခိုက်ခဲ့ရသည့် မြောက်ကိုရီးယား၏ စီးပွားရေးကို ပြန်လည်ထူထောင်ရန် ရုရှားထံမှ ကူညီထောက်ပံ့မှုများနှင့် နည်းပညာများကို ရရှိဖွယ်ရှိသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ထို့ကြောင့် မြောက်ကိုရီးယားသည် အမေရိကန်နှင့် ဒေသတွင်း အမေရိကန်၏ မဟာမိတ်များဖြစ်သည့် တောင်ကိုရီးယားနှင့် ဂျပန်တို့ကို လုံခြုံရေးအရ ခြိမ်းခြောက်နိုင်ရန် ရဲဆေးတင်ပေးရာ ရောက်ခဲ့သည်ဟု ကျွမ်းကျင်သူများက ဆိုသည်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်နဲ့ ရုရှားသမ္မတ ပူတင်ကို တွေ့ရစဉ်

"မြောက်ကိုရီးယားကတော့ ရှေ့တန်းစစ်မျက်နှာမှာ စစ်သားတွေနဲ့အတူ တာတိုပစ် ပဲ့ထိန်းဒုံးကျည်တွေ ဖြန့်ကြက် ချသွားမယ်လို့ ပြောထားပါတယ်။ ပြီးတော့ မကြာသေးခင်က လက်နက်ရောင်းဝယ်မှု အခြေအနေတွေကို ကြည့်မယ်ဆိုရင်လည်း မြောက်ကိုရီးယားဟာ ရုရှားကို ဒုံးကျည်တွေရောင်းချမယ့် အလားအလာကို တွေ့ရပါ တယ်" ဟု ရှင်းက ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် ၂၀၂၂ ခုနှစ်၊ ဧပြီလက တာတိုပစ် ပဲ့ထိန်းဒုံးကျည် (CRBM) များကို ပစ်ခတ်စမ်းသပ်ခဲ့ပြီး ထိုဒုံးကျည်များသည် ကီလိုမီတာ ၁၀၀ မှ ၁၈၀ ( မိုင် ၆၀ မှ ၁၈၀) အကွာအဝေးအထိ ပစ်ခတ်ရောက်ရှိနိုင်သည့် ဒုံးကျည်အမျိုးအစား ဖြစ်သည်။

Source: ဘန်ကောက်ပို့စ်