CNI International News

ဆိုးလ်၊ ဇွန်လ ၁၆

မြောက်ကိုရီးယားသည် နိုင်ငံ၏ အရှေ့ဘက် ရေပြင်သို့ ဇွန်လ ၁၅ ရက်နေ့က တာတိုပစ် ပဲ့ထိန်း ဒုံးကျည် နှစ်စင်း ပစ်လွှတ်စမ်းသပ်ခဲ့သည်ဟု တောင်ကိုရီးယားက ပြောကြောင်း အေပီ သတင်းတွင် ဖော်ပြထားသည်။

ထိုစမ်းသပ်မှု မတိုင်ခင်ကမှ ပြီးဆုံးခဲ့သော အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေး လေ့ကျင့်မှုကို တုံ့ပြန်ရန် အတွက် ယခုကဲ့သို့ လက်နက် ပစ်လွှတ်စမ်းသပ်မှုများကို ပြန်လည် စတင်ခဲ့ခြင်းလည်း ဖြစ်သည်။ 

ဇွန်လ ၁၅ ရက်နေ့က ပစ်လွှတ်စမ်းသပ်မှုများသည် မေလနှောင်းပိုင်း မြောက်ကိုရီးယားအစိုးရ၏ အာကာသထဲသို့ ပထမဆုံးသော ထောက်လှမ်းရေးဂြိုဟ်တု လွှတ်တင်ရေး အစီအစဉ် မအောင်မြင်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးလည်း ဖြစ်သည်။

 တောင်ကိုရီးယားနဲ့ အမေရိကန် စစ်ရေးလေ့ကျင့်နေစဉ်


 စမ်းသပ်ခဲ့သည့် ဒုံးကျည်များကို မြောက်ကိုရီးယား မြို့တော်ဒေသမှ ပစ်လွှတ်ခဲ့ခြင်း ဖြစ်သည်။ ယင်းတို့သည် ကိုရီးယား ကျွန်းဆွယ်နှင့် ဂျပန်ရေပိုက်နက်တို့အကြား မကျလာခင် ကီလိုမီတာ ၇၈၀ ခန့် ပျံသန်းခဲ့သည်ဟု တောင်ကိုရီးယား၏ ပူးတွဲစစ်ဦးစီးချုပ်က ပြောသည်။ 

ထိုပစ်လွှတ်မှုသည် ရန်စသည့် လုပ်ရပ်တစ်ခုဟုလည်း ၎င်းက သတ်မှတ်ခဲ့သလို တောင်ကိုရီးယား စစ်တပ်သည် အမေရိကန်နှင့်အနီးကပ် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် လုံလောက်စွာ အဆင်သင့် ဖြစ်နေမှုကို ထိန်းသိမ်းထားသည် ဟုလည်း ၎င်းက ပြောသည်။

ထိုဒုံးကျည်များသည် ဂျပန်၏ အထူးစီးပွားရေးဇုန်အတွင်း ကျရောက်လာခဲ့သည်ဟု ဂျပန်ဝန်ကြီးချုပ် ကီရှီဒါ (Fumio Kishida) က ပြောသည်။ 

ထိုပစ်လွှတ်မှုသည် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနှင့် ဘေးကင်းရေးကို ထိခိုက်စေသည့် အကြမ်းဖက် လုပ်ရပ် ဟုလည်း ၎င်းက သတ်မှတ်သည်။ 

တောင်ကိုရီးယား၊ ဂျပန်နှင့်အမေရိကန်တို့မှ နျူကလီးယားအရေး ကိုယ်စားလှယ်များသည် သုံးပွင့်ဆိုင် တယ်လီဖုန်း ဆက်သွယ် ပြောဆိုမှု လုပ်ဆောင်ခဲ့ကာ မြောက်ကိုရီးယား၏ လက်နက်ဆိုင်ရာ လှုပ်ရှားမှုများကို ရပ်တန့်ပြီး ဆွေးနွေးပွဲ စကားဝိုင်းသို့ ပြန်လည် ရောက်ရှိလာရေး  ကြိုးပမ်းမှုများကို ဆက်လက် ဆောင်ရွက် သွားရန် သဘောတူခဲသည်ဟု တောင်ကိုရီးယား နိုင်ငံခြားရေးဌာနက ထုတ်ပြန်သည်။ 

 တောင်ကိုရီးယားနဲ့ အမေရိကန် စစ်ရေးလေ့ကျင့်နေစဉ်

မြောက်ကိုရီးယား၏ ဒုံးကျည် ပစ်လွှတ် စမ်းသပ်မှုများသည် အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ ပူးတွဲစစ်ရေး လေ့ကျင့်မှု ပြီးဆုံးပြီးနောက် နာရီအနည်းငယ် အကြာတွင် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ 

မဟာမိတ် နှစ်နိုင်ငံ၏ ငါးကြိမ်မြောက် ကျည်အစစ်များ အသုံးပြုသည့် အကြီးစား စစ်ရေးလေ့ကျင့်မှုကို နယ်စပ် ဒေသတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ဇွန်လ ၁၅ ရက်နေ့ အစောပိုင်းတွင် အဆုံးသတ်ခဲ့သည်။

ထိုစစ်ရေး လေ့ကျင့်မှု မပြီးဆုံးခင် နာရီဝက်အလိုခန့်တွင် မြောက်ကိုရီးယားစစ်တပ်က ယင်းတို့နှင့်ပတ်သက်၍ မဖော်ပြနိုင်သည့် တုံ့ပြန်မှုများ လုပ်ဆောင်သွားမည်ဟု ကြုံးဝါးခဲ့သည်။

စစ်ရေးလေ့ကျင့်မှုများသည် လက်လွတ်စပယ်ဖြစ်သလို ရန်စသည့် အပြုအမှု ဖြစ်သည်ဟုလည်း မြောက်ကိုရီးယား က ပြောသည်။

Source: AP