CNI News

၂၀၂၃ ခုနှစ်၊ ဧပြီ ၂၀

နိုင်ငံရေးထက် လူမျိုးရေး ခံယူချက်ကြောင့် “ဝ”ခေါင်းဆောင်များ၏ နိုင်ငံရေး၊ စစ်ရေး ဦးဆောင်မှုကို ပလောင် ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)အနေဖြင့် ခံယူခြင်းဖြစ်နိုင်သည်ဟု မြင်မိကြောင်း ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက CNI သတင်းဌာနသို့ ပြောသည်။

ပြီးခဲ့သည့် ဧပြီ ၁၇ ရက်နေ့က “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)၏ ငြိမ်းချမ်းရေး တည်ဆောက်မှု (၃၄) နှစ်ပြည့်သို့ TNLA မှ ပေးပို့သည့် သဝဏ်လွှာတွင် “ဝ”ခေါင်းဆောင်တို့၏ နိုင်ငံရေး၊ စစ်ရေး ဦးဆောင်မှုကို ခံယူ ကြောင်း ဖော်ပြထားသည်။

ဦးဖေသန်းက “အခုဟာက မွန်-ခမာ အနွယ်ဝင်တွေမို့လို့ ဒါက အသိအမှတ်ပြုတယ် အားကိုးတယ်၊ ယုံကြည်တယ်၊ ထောက်ခံတယ်ဆိုတဲ့ ပုံစံမျိုးကြတော့ ဒါက နည်းနည်း နိုင်ငံရေးထက် လူမျိုးရေးကို လိုက်သွားတာပေါ့၊ အဲဒါကြ တော့ သူတို့ရဲ့ မျိုးရိုးတူတဲ့အတွက် သူတို့ အားကိုးတယ်ဆိုတဲ့ သဘောမျိုး အဲဒီလို သဘောမျိုး သက်ရောက်သွား တယ်လို့ ကျနော်မြင်တယ်၊ ဒါပေမဲ့ အဲဒီဟာ မဟုတ်လားဆိုလည်း အဲဒါလည်း အားကိုးတာ ဖြစ်ကောင်း ဖြစ်နိုင် တာပေါ့၊ အဲဒီလို မျိုးရိုးတူတဲ့အတွက်နဲ့ မျိုးနွယ်တူတဲ့အတွက်နဲ့ “ဝ”ရဲ့ ဦးဆောင်မှု အခန်းကဏ္ဍကို ကျနော်တို့ ထောက်ခံတယ်၊ လိုက်ပါဆောင်ရွက်မယ်၊ အားကိုးတယ် ဆိုတဲ့ အပိုင်းကတော့ တစ်ပိုင်းပေါ့၊ ဒါက နိုင်ငံရေးထက် မျိုးနွယ် တူရာတူရာဆိုပြီး ဖြစ်သွားတယ်၊ ဒါကြောင့် ကျနော်အမြင်က‌တော့ ဒီကိစ္စကို နိုင်ငံရေးအားဖြင့်တော့ မဝေဖန် မသုံးသပ်ချင်ဘူး။ ဒါက သူတို့ရဲ့ ခံယူချက်နဲ့ပဲ ဆိုင်တယ်လို့ ကျနော်မြင်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

TNLA ခေါင်းဆောင် ဗိုလ်ချုပ် တားအိုက်ဖုန်းကိုတွေ့ရစဉ်

မြန်မာ့တပ်မတော်နှင့် နီးစပ်သည့် UWSA ၏ ဦးဆောင်မှုကို ခံယူသော်လည်း TNLA နှင့် ဒေသကာကွယ်ရေးတပ် (PDF) တို့၏ ပါဝင်ပတ်သက်မှုအပေါ် ဖိအားပေးလာမည်ဟု မမြင်မိကြောင်း ၎င်းက ပြောသည်။

မွန်-ခမာအနွယ်ဝင် “ဝ”၊ တအာင်းတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးနှင့် အမျိုးသားနိုင်ငံရေး ဦးတည်ချက်သို့ ရောက်ရှိ အောင်မြင်စေရန်အတွက် TNLA အနေဖြင့် “ဝ”ခေါင်းဆောင်တို့၏ နိုင်ငံရေး၊ စစ်ရေး ဦးဆောင်မှုကို လေးနက် တည်ကြည်စွာခံယူပြီး သွေးချင်းညီအစ်ကို လူမျိုးများအနေဖြင့် အမြဲလက်တွဲ ဆောင်ရွက်သွားမည်ဟု ကတိပြုကြောင်း TNLA ၏ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။

နိုင်ငံရေး အဆင့်အတန်း တစ်ခုကို ရရှိထားသည့် UWSA နှင့် ပူးပေါင်းဆောင်ရွက်ပြီး ညီညွတ်ရေး တည်ဆောက် သည့် သဘောဟု ယူဆကြောင်း တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင် တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာက “အဲဒါကြတော့ ကျနော်ထင်တယ်လေ၊ နံပါတ်တစ်က မျိုးနွယ်စုကို စုတဲ့သဘော၊ နံပါတ် နှစ်ကတော့ နယ်မြေချင်း ဆက်စပ်နေတဲ့ အပေါ်မှာလည်း နယ်မြေတွေ ဆက်စပ်ပြီး လုပ်ကိုင်နေတဲ့ သဘော၊ ဘာကြောင့်လဲဆိုတော့ UWSP၊ UWSA က သူ့နယ်မြေမှာ တစ်စုံတစ်ရာ အတိုင်းအတာအထိ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝရနေတဲ့ သဘောရှိတယ်၊ ရှိနေတော့ အဲဒီအဆင့်အတန်းကို ပလောင်က မရသေးဘူး၊ မရသေးတော့ ဟိုက နိုင်ငံရေးအရ Status (အခြေအနေ)က နည်းနည်းမြင့်တော့ ပလောင်က အဲဒီ နိုင်ငံရေး Status (အခြေ အနေ)နဲ့ တွဲပြီးတော့ မျိုးနွယ်စုတူတယ်၊ အလုပ်ချင်းလည်း တူတယ်၊ အဲဒါကြောင့် ပူးပေါင်းဆောင်ရွက်ပြီးတော့ ဦးဆောင်မှု ယူမယ်ဆိုတဲ့ဟာက ညီညွတ်ရေးတည်ဆောက်တဲ့ သဘောလို့ ယူပါတယ်” ဟု ပြောသည်။

TNLA တပ်ဖွဲ့ကိုတွေ့ရစဉ်

UWSA ၏ ဦး‌ဆောင်မှုကို ခံယူခြင်းက နှီးနွှယ်မှုနှင့် ၎င်းတို့၏ ရပ်တည်မှုအရ UWSA ကို အားကိုးသည့် သဘောရှိ နေကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ စိုင်းထွန်းအောင်လွင်က CNI သတင်းဌာနသို့ ပြောသည်။

စိုင်းထွန်းအောင်လွင်က “အဲဒီတော့ ပုံမှန်အားဖြင့်‌တော့ TNLA ကတော့ဗျာ၊ သူကတော့ သမိုင်းကြောင်း နှီးနွှယ်မှု ရယ်၊ ပေါ်ထွန်းလာတဲ့ နှီးနွှယ်မှုရယ်၊ သူ့ရဲ့ ရပ်တည်ရေး နှီးနွှယ်မှုအပေါ် မူတည်ပြီးမှ ပြောပုံရပါတယ်။ ကျနော် တော့ အဲဒါလေးမြင်တယ်၊ ဥပမာ ဗကပ ခေတ်ကဆိုရင်လည်း PSLA တို့ ဘာတို့ဆိုတာ TNLA မဟုတ်သေးဘူး ပေါ့နော်၊ အရင် PSLA တို့ဆိုတာ KIO နဲ့ပေါင်းတယ်၊ ဗကပနဲ့ပေါင်းလိုက် ဒီလို NDF ထဲဝင်လိုက် ဒီလိုပဲ နေရာတာ ပေါ့နော်၊ သူ့အခြေအနေအရ အဲဒါတော့ ရပ်တည်ရေးအရပေါ့နော်၊ အခုကတော့ မြောက်ပိုင်းမှာ powerhouse က မြန်မာနိုင်ငံမြောက်ပိုင်းမှာ ဗကပပြိုပြီး နှစ် ၃၀ အတွင်းမှာ ထပ်ပေါ်လာတဲ့ powerhouse က UWSA ဖြစ်တာပေါ့ နော်၊ အဲဒီ‌တော့ သူရပ်တည်မှု အရတော့ UWSA ကို အားကိုးတဲ့ သဘော‌တော့ ရှိတာပေါ့” ဟု ပြောသည်။

ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) သည် မြောက်ပိုင်း လက်နက်ကိုင်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေးကော်မတီ (FPNCC) ၏ အဖွဲ့ဝင်ဖြစ်ပြီး အစိုးရနှင့် ပဏာမ အပစ် အခတ် ရပ်စဲရေး သဘောတူစာချုပ် (Bilateral) ထိုးနိုင်ရေး ဆွေးနွေးညှိနှိုင်းမှုများ ရှိနေသော အဖွဲ့ဖြစ်သည်။