CNI News

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၇

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်တွင် ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)က ဖမ်းဆီးသွားသည့် ကျောက်မဲခရိုင် တရားသူကြီးချုပ် အပါအဝင် လူ ၉ ဦးကို စစ်ဆေးနေဆဲဖြစ်ကြောင်း TNLA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

ပြီးခဲ့သည့် ဧပြီ ၁၉ ရက်က TNLA တပ်ဖွဲ့ဝင်များသည် နမ့်ဆန်မြို့နယ်အတွင်းမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားရေး အခြေအနေများကို စစ်ဆေးနေစဉ် ကျောက်မဲခရိုင်တရားသူကြီးချုပ် အပါအဝင် လူ ၉ ဦးက နမ့်ဆန်မြို့သို့ ရုံးဖွင့်ပွဲ တစ်ခုကို တက်ရောက်ရန်အလာ လမ်းမှာ တွေ့ရှိ၍ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။

“လောလောဆယ်တော့ ဘာမှ စိစစ်တာတော့ အသေးစိတ် ပြန်မတက်သေးဘူး၊ သူတို့ရဲ့ ဒီကျန်းမာရေး၊ လုံခြုံမှုကတော့ ဘာမှ စိုးရိမ်စရာ မရှိဘူး၊ စီစဉ်ဆုံးဖြတ် ထားတာလည်း မရှိသေးဘူး၊ အသေးစိတ်ကတော့ မတက်လာသေးဘူး။ ဆုံးဖြတ်ချက် ဘယ်လိုချမလဲ မသိသေးဘူး” ဟု ပြောသည်။

TNLA တပ်ဖွဲ့ကိုတွေ့ရစဉ်

ဖမ်းဆီး ထိန်းသိမ်း ခံထားရသူများမှာ ကျောက်မဲခရိုင် တရားသူကြီးချုပ် ဦးမောင်မောင်အေးနှင့် ဇနီးဖြစ်သူ ဒေါ်ခင်ဌေးရီ၊ တရားသူကြီး ၂ ဦး၊ ဥပဒေအရာရှိ ၁ ဦး၊ ဦးစီးရုံးစာရေး ၁ ဦး၊ ရှေ့နေ ၂ ဦး၊ အငယ်တန်း စာရေး ၁ ဦးတို့ ဖြစ်ကြောင်း သိရသည်။

TNLA သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်၊ သီပေါ၊ လားရှိုး၊ ကျောက်မဲ၊ နမ့်ဆန်၊ နမ္မတူ စသည့် မြို့နယ် များ အပါအဝင် မန္တလေး တိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တို့တွင် လှုပ်ရှားလျက်ရှိသော ပလောင်လက်နက်ကိုင်အဖွဲ့ ဖြစ် သည်။

အဆိုပါ TNLA အဖွဲ့သည် အစိုးရနှင့် ပဏာမ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (Bilateral) ထိုးနိုင်ရေး ဆွေးနွေးညှိနှိုင်း မှုများ ရှိနေသော အဖွဲ့ဖြစ်သည်။