CNI News

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၇

ရန်ကုန်တိုင်းဒေသကြီးရှိ လူစည်ကားရာနေရာများ၊ ဘတ်စ်ကားမှတ်တိုင်များ၊ ကားဝင်းများတွင် လူအစုအဖွဲ့ဖြင့် လောင်း ကစားပြုလုပ်ကာ ၎င်းတို့အနီးဝန်းကျင်ရှိ ခရီးသွားပြည်သူများအား ပစ်မှတ်ထား၍ ဖုန်းနှင့်ပိုက်ဆံများ အဓမ္မရယူခြင်း၊ မပေး ပါက ရိုက်နှက်ခြင်းများ ပြုလုပ်သဖြင့် ပြည်သူများမှာ စိုးရိမ်လျက်ရှိနေကြသည်။

အဆိုပါ ဖြစ်စဉ်မျိုး ကြုံတွေ့ချိန်တွင် အနီးပတ်ဝန်းကျင်ရှိ လူများအနေဖြင့် တစ်စုံတစ်ရာ ဝင်ရောက် ကူညီခြင်းမျိုး မရှိ ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ကိုဟိန်းထက်အောင်က CNI သတင်းဌာနသို့ ပြောသည်။

ကိုဟိန်းထက်အောင်က“တချို့ကျတော့လည်း ကြောက်တာလည်း ဖြစ်မှာပေါ့နော်။ သူတို့က အဖွဲ့အစည်းနဲ့ဆိုတော့ သူတို့ ဝင်ပါလိုက်ရင် သူတို့ကိုများ သတ်မှာလားပေါ့။ ကျနော်အဲ့ဒီလို ကျဥ်းထဲကျပ်ထဲ ဖြစ်နေတဲ့အချိန်မှာ ဦးလေးကြီး တစ်ယောက် က လာပြောတယ်။ ကျောကုန်းလေးကို လာပုတ်တယ်။ သား ထထတဲ့။ ကျနော်က ထမရတော့ဘူးလေ။ ကျနော့် ပစ္စည်းကို သူ တို့ ယူထားပြီးလေ။ ကျနော်က ဒါကို ဝါသနာပါလို့ လုပ်တာမဟုတ်ဘူး။ အတင်းအကျပ် အကြမ်းဖက်ခံနေရတာ။ အကြမ်းဖက် ခံနေရတာ ဖြစ်တဲ့အတွက် ကျနော့်ပစ္စည်းကို ထားပြီးတော့ ထမလာနိုင်ဘူး။ တကယ်ဆိုလို့ရှိရင် အဲ့ဒီလိုဖြစ်နေတဲ့ အချိန်မှာ ဖုန်းဆက်ရမယ်။ ရဲကို၊ တာဝန်ရှိတဲ့သူတွေကို။ အဲ့ဒီလိုမျိုး ကူညီပေးသင့်တာ။ ဝင်မလုပ်ရဲဘူးဆိုရင်တောင် အဲ့ဒီလိုမျိုး တစ်ခုခု နဲ့ ကူညီပေးသင့်တာတောင် ဘယ်သူမှ မကူညီဘူးပေါ့။ တစ်ယောက်တည်းဆိုတော့ ဘယ်သူမှလည်း မကူညီတော့ ဟိုကြည့် ဒီကြည့်နဲ့ ကိုယ့်ကို ဘယ်သူများ ကူညီမလဲလို့ လိုက်ရှာနေတာ။ လိုက်ရှာနေတဲ့အချိန်မှာ ဘယ်သူ့မှကို မကူညီတာ ဒီတိုင်းကြီး ကြည့်နေကြတာ။ အော်လည်းပဲ ကိုယ့်ပဲလုပ်သွားတော့မှာ။ နောက်ဆုံးကျ ပိုက်ဆံနဲ့ပဲ ညှိလိုက်ရတော့တာ” ဟု ပြောသည်။

အဆိုပါ လူအစုအဖွဲ့တွင် လူ ၁၀ ဦးထက်မနည်း ပါဝင်ကြောင်း၊ ဘတ်စ်ကား မှတ်တိုင်အနီးတွင် ဂျင်၊ ဖဲချပ်များဖြင့် လောင်း ကစား ပြုလုပ်နေကြကြောင်း၊ အနီးအနားရှိ ခရီးသွားပြည်သူများထဲမှ တစ်စုံတစ်ဦးအား ပစ်မှတ်ထား၍ လုပ်ဆောင်နေကြ ခြင်း ဖြစ်ကြောင်း သိရသည်။

YBS မှတ်တိုင်ကိုတွေ့ရစဉ်

ထိုသူတို့၏ လုပ်ဆောင်ပုံမှာ ပစ်မှတ်ထားသည့် ခရီးသွားတစ်ဦးထံသို့ အတင်းအဓမ္မ ငွေကြေးများပေးပြီး ၎င်းတို့ လောင်း ကစားဝိုင်း၌ ထိုးစေကာ ရှုံးသွားပါက ထိုခရီးသွားတွင်ပါရှိသည့် ဖုန်း (သို့မဟုတ်) ပိုက်ဆံတို့အား မတရားတောင်း ယူကြသည်။

ထိုဖြစ်စဉ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများမှ အဆိုပါလူ(အစုအဖွဲ့)များကို ထိထိရောက်ရောက် ဖမ်းဆီး အရေးယူမှုများ လုပ်ဆောင်သင့်ကြောင်း ခရီးသွားပြည်သူတစ်ဦးဖြစ်သည့် မဇွန်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “Call center ဆိုလို့ရှိရင် နိုင်ငံတကာမှာရှိတယ်။ ဒါပေမယ့် ဒီနိုင်ငံမှာက တစ်ခုခုသွားပြီး တိုင်တယ်ဆိုလို့ ရှိရင်တောင် မှ သိပ်ပြီး အရေးမယူတာ များတယ်။ ဒီလိုအရေးမယူတာ နည်းတဲ့အတွက်ကြောင့်လည်း သူတို့လို မသမာတဲ့ သူတွေက ပိုပြီး ရိုင်းစိုင်းပြီး ပိုပြီး ထင်ထင်ပေါ်ပေါ် လုပ်နေတယ်လို့မြင်တယ်။ တခြားနိုင်ငံတွေမှာဆို အရမ်းစည်းလုံးတယ်။ အကုန်ဝိုင်းဝန်း ပြီး တော့ ကူညီကြတယ်။ အကုန်လုံးက သွေးသားမတော်စပ်ပေမယ့် ကူညီကြတာမျိုး ရှိတယ်။ ဒီနိုင်ငံမှာက ဘယ်လို ဖြစ်နေလဲ ဆိုတော့ ကူညီဖို့ နေနေသာသာ ဖာသိဖာသာ နေနေကြတာ များတယ်။ အခုနောက်ပိုင်းဆိုရင် အရမ်းကြောက်ဖို့ ကောင်း တယ်။ ပြည်လမ်း အင်းလျားလမ်းတို့ ဘက်တွေဆိုရင် အရမ်းလူပြတ်တယ်။ အဲ့ဒါမျိုးဆိုရင်တော်တော် အဆင်မပြေဘူး”ဟု ပြောသည်။

အုပ်စုဖွဲ့ လောင်းကစားဝိုင်းကို တွေ့ရစဉ်

ထို့နောက် တချို့သည် အုပ်စုလိုက် ဘတ်စ်ကားပေါ်မှ ခါးပိုက်နှိုက်မှုများလည်းရှိကြောင်း၊ မိန်းကလေးများဆိုလျှင် အိန္ဒြေ ပျက်ပြားအောင် လုပ်တာမျိုးရှိကြောင်း မဇွန်က ပြောသည်။

၎င်းက “ တချို့ဆို အုပ်စုလိုက် ဘတ်စ်ကားပေါ်မျာ ခါးပိုက်နှိုက်တာရှိတယ်။ မိန်းကလေးဆိုရင်လည်း အိန္ဒြေပျက်ပြားအောင် လုပ်တာမျိုးရှိတယ်။ သူက အုပ်စုလိုက် ဖြစ်တာကြောင့်မို့လို့ သူတို့လက်ထဲမှာကလည်း ဓားတွေ ဘာတွေ ရှိနေတဲ့ အတွက် ကြောင့် ပြန်ခုခံချင်ရင်တောင် တော်တော် မလွယ်တဲ့ကိစ္စ။ အပြစ်မဲ့တဲ့သူက အပြစ်လုပ်တဲ့သူကို ပြန်ကြောက်ရတဲ့ အနေ ထားမျိုး ဖြစ်နေတာပေါ့”ဟု ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက လူစည်ကားလှသည့် ယုဇနပလာဇာရှေ့တွင် ထိုသို့ လူအစုအဖွဲ့ တစ်စုက လောင်းကစားဝိုင်း ဆန်ဆန် ပြုလုပ်၍ ဘေးမှ ရပ်ကြည့်နေသည့် ကောင်လေးတစ်ဦးထံမှ ဖုန်းကိုလုယူပြီး အုပ်စုဖြင့် ဝိုင်းဝန်း ထိုးကြိတ် ရိုက်နှက်မှု တစ်ခု ဖြစ်ပွားခဲ့သေးသည်။

အဆိုပါ လုယက်မှု ဗွီဒီယိုအား လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ရန်ကုန်မြို့နေလူထု သတိထား ဂရုပြုရန်အတွက် ပြန်လည် မျှဝေခဲ့ကြကာ ကြည့်ရှုသူ အများအပြားရှိခဲ့ပြီး အလားတူဖြစ်စဉ်မျိုး ကြုံတွေ့ခဲ့ဖူးကြကြောင်း မှတ်ချက်ပေးသူ အများအပြား လည်း ရှိခဲ့သည်။