CNI News

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၇

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းထံမှ ရွှေနှင့်ဒေါ်လာငွေ ယူခဲ့သည်ဟူသည့် အဂတိမှုဖြင့် ‌ဒေါ်အောင်ဆန်းစုကြည်အား ဧပြီ ၂၇ ရက်နေ့တွင် နေပြည်တော်ရှိ အထူးတရားရုံး၌ ထောင်ဒဏ် ၅ နှစ်ချမှတ်လိုက်ကြောင်း နီးစပ်သည့် ရှေ့နေအသိုင်းအဝိုင်းမှ CNI သတင်းဌာနသို့ အတည်ပြုသည်။

အမှုအတွက် ဦးဖြိုးမင်းသိန်းနှင့် ဇနီးဖြစ်သူ ဒေါ်ခင်မိမိကြွယ်တို့ပါ တရားလိုဘက်မှ သက်သေအဖြစ် ထွက်ဆိုခဲ့ကြထားပြီးဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယခုအမှုအပါအဝင် ၎င်းအားစွဲဆို ချမှတ်ထားသည့် အမှုအားလုံးကို နောက်ဆုံးအဆင့်ထိ အယူခံဝင်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခင်က ချမှတ်ခံထားရသည့် အမှုများအား အယူခံဝင်သော်လည်း အပယ်ခံရကြောင်း၊ အပယ်ခံရသော်လည်း အယူခံဝင်ခြင်းကို ထပ်မံလုပ်‌ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။ 

ယခုထောင်ဒဏ် ၅ နှစ်ချမှတ်ခံရသည့်အမှုသည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပ‌ဒေ ပုဒ်မ ၅၅ ဖြင့် စွဲဆိုခံထားရခြင်းဖြစ်ကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် စုံစမ်းရေးအရာရှိတစ်ဦးမှ တရားလိုအဖြစ် တိုင်တန်းထားသည့်အမှုလည်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဥပဒေပုဒ်မ ၂၅ ဖြင့် ၂ မှု၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-ခ စသည့် အမှု ၅ မှုအတွက် ထောင်ဒဏ် ၈ နှစ်ချမှတ်ခံထားရသည့်အပေါ် နစက မှ ထောင်ဒဏ် ၂ နှစ်လျော့ပေါ့ပေးထားသည်။

ယင်းအတွက် ယခုအသစ်ချမှတ်လိုက်သည့် ထောင်ဒဏ် ၅ နှစ်ပါဝင်ပါက ဒေါ်အောင်ဆန်းစုကြည်အပေါ် နစက မှ ချမှတ်ခဲ့ပြီးဖြစ်သည့် ထောင်ဒဏ်စုစုပေါင်းမှာ ၁၁ နှစ်ရှိပြီဖြစ်သည်။

အခြားသောအမှုများအနေဖြင့်လည်း မစ္စတာရှောင်တာနယ်နှင့်အတူ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ ၃-၁(ဂ)၊နှင့် အဂတိမှုများအား ဆက်လက်တရားရင်ဆိုင်ရလျက်ရှိသည်။