CNI News

၂၀၂၆ ခုနှစ်၊ မေလ ၁၄

ဒေါ်အောင်ဆန်းစုကြည်သည် ဗြဟ္မာဦးခေါင်းပဲဖြစ်၍ ကိုင်ထားလျှင် ပူလောင်မည်၊ အောက်ချလျှင် မီးလောင် မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဦးမင်းအောင်လှိုင် ဦးဆောင်သည့် အသွင်ကူးပြောင်းရေး အစိုးရ အဖွဲ့က ဖမ်းဆီးထားပြီး နိုင်ငံတကာနှင့် တော်လှန်ရေးအင်အားစုများက ပြန်လွှတ်ပေးရန် တောင်းဆို လျက်ရှိ သည်။

ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံက ခေါ်ထားခြင်းသည် ဗြဟ္မာဦးခေါင်းကို ကိုင်ထားခြင်းဖြစ်နေကြောင်း၊ ထို့ကြောင့် နိုင်ငံတကာက ခေါ်သွားမည်ဆိုလျှင် ခေါ်သွားနိုင်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဖိလစ်ပိုင်က လူတွေက ကျုပ်တို့ မြန်မာပြည်အကြောင်း လာဆွေးနွေး၊ ကျနော်တို့ကတော့ အာဆီယံ ပဋိညာဉ် အတိုင်းပေါ့၊ ဘယ်သူ့နိုင်ငံရဲ့ အကြောင်းကိုမှ ဝင်ရောက် ဆွေးနွေးစရာ အကြောင်းမရှိဘူး။ အာဆီယံ ပဋိညာဉ်မှာ ပါပြီးသားကိုလည်း စွက်ဖက်စရာ အကြောင်းမရှိဘူး။ သူတို့လာ စွက်ဖက်လည်း လက်မခံဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပါ၊ ဘာညာပြောတယ်။ ကဲခင်ဗျားခေါ်ထားလိုက်။ ဒါပေမဲ့လို့ သူ့ရဲ့ ပြစ်မှုကြွေး တွေကို ဘယ်သူခံမှာတုန်း။ သူက ဒေါ်လာ သန်း ၁၀၀၀ တို့ ဘာတို့ အမေရိကန်ပို့လိုက်တာတွေ ဘယ်သူ ပြန်ဆပ် မှာလဲ၊ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက အကြွေးဆပ်မှာလား၊ ဆပ်မယ်ဆိုရင် ဝမ်းသာတယ်။ ပေး သန်း ၁၀၀၀ ။ ဒေါ်လာ သန်း ၁၀၀၀ ပေး ဒေါ်စုကြည်ခေါ်သွား။ သူကဗြဟ္မာကြီး ဦးခေါင်းပဲ သူက လက်ထဲကို ကိုင်ထားရင်လည်း ပူလောင်မယ်၊ အောက်ချရင်လည်း မီးလောင်မယ်။ အဲဒီလိုမျိုး ဗြဟ္မာကြီးဦးခေါင်းဆိုတာ မြန်မာစကားပုံမှာ ရှိတယ်လေ။ အဲဒီလို ပုဂ္ဂိုလ်မျိုးကြီးကို ကျနော်တို့လည်း ထမင်းကြွေးထားတာ ပိုက်ဆံကုန် တယ်။ ခေါ်သွားစမ်းပါ၊ လာခဲ့စမ်းပါ၊ ခေါ်သွားစမ်းပါ။ ဒါပေမယ့် သူ့ရဲ့ ဟာတွေတော့ ပြဿနာတွေတော့ ရှင်းသွားပါအုံးလို့ ကျနော်က အဲဒီလိုမျိုးပဲ မက်ဆေ့စ်ပေးချင်တယ် ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ်ကို” ဟု ပြောသည်။ 

သမ္မတ ဦးမင်းအောင်လှိုင် ရွေးကောက်ပွဲ မဲထည့်နေစဉ်

ဒေါ်အောင်ဆန်းစုကြည်သည် လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်ပြီး ၁၉၈၈ ခုနှစ် အရေးအခင်း တွင် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုများကို ဦးဆောင်ရန် နိုင်ငံရေးလောကထဲသို့ စတင် ဝင်ရောက်လာခဲ့သူ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူများကတော့ သူမသည် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ဟု သတ်မှတ်ထား ကြသည်။ အလားတူ ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဥက္ကဋ္ဌ တာဝန်နှင့် ၂၀၁၅- ၂၀၂၀ အတွင်း NLD အစိုးရအဖွဲ့ကို ဦးဆောင်ခဲ့သူဖြစ်သည်။

ထို့နောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရ ဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ မြန်မာ့တပ်မတော်က ဖြုတ်ချ၍ ဖမ်းဆီးထောင်ချခဲ့ရာ ၂၀၂၆ ခုနှစ်၊ ဧပြီလမှာတော့ နေအိမ်အကျယ်ချုပ်အဖြစ် ပြောင်းရွှေ့ခဲ့သည်။

ထို့ကြောင့် အာဆီယံက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သလို ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာရေး သမ္မတ ဦးမင်းအောင်လှိုင် အစိုးရနှင့် ဆွေးနွေးနေသည်ဟု လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်သမ္မတ မားကို့စ်က ပြောသည်။

ယခု တကယ့်တကယ်တမ်း ခံနေရသူသည် ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပြီး၊ ၎င်းကြောင့် ဖြစ်နေခြင်းဟု ပြော၍မရ ကြောင်း၊ လက်ရှိဖြစ်ပွားနေသည့် နိုင်ငံရေးပဋိပက္ခသည် သူမကြောင့်ဟု သွားပြော၍ မရကြောင်း နိုင်ငံရေးလေ့ လာသုံးသပ်သူ ‌ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

၂၀၁၇ ခုနှစ်၊ ဧပြီလက ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပတဲ့ အာဆီယံအစည်းအဝေးသို့ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ဖို့ ရောက်ရှိလာရာ ဖိလစ်ပိုင်က ဂုဏ်ပြုတပ်ဖွဲ့နဲ့ကြိုဆိုစဥ်(ဓာတ်ပုံ-GMA)

၎င်းက “ကျနော်တို့ ဒီပြစ်မှုကြွေးလို့ ပြောရအောင်ကလည်း ဒါတွေက နိုင်ငံ‌ရေးအရ ဖြစ်ပေါ်တဲ့ကိစ္စမှာ နိုင်ငံ‌ရေး ပြစ်မှုအရ လုပ်ရကိုင်ရခက်တဲ့ အတွက်ကြောင့် တခြားဟာတစ်ခု ခေါင်းစဥ်တက်ပြီးတော့မှ လုပ်တာပေါ့လေ။ ထောင်ချထားတဲ့ ပြစ်မှုတွေက။ တကယ့်တကယ်တမ်း ပြန်ပြီးတော့မှ လွှတ်မယ်ဟေ့ ဆိုလို့ရှိရင်လည်း လွှတ်လိုက် လို့ရတဲ့ ကိစ္စမျိုးတွေပေါ့နော်။ နိုင်ငံ‌ရေးအရ ထိန်းသိမ်းထားချင်တဲ့ အတွက်ကြောင့်မို့လို့ ခေါင်းစဥ်တစ်ခု တက်တာ ဖြစ်တယ်၊ အဲဒီအတွက်ကြောင့်မို့လို့ ဒါသည်ပြစ်မှုကြွေး၊ ဘာကြွေးညာကြွေး ဆိုတဲ့ဟာတွေက အဓိပ္ပာယ်မရှိပါဘူး။ အပေါ်မှာ သူတို့ အချင်းချင်း ပြေလည်သွားလို့ရှိရင် ဒါတွေက ဘာပြစ်မှုမှ မဟုတ်တော့ဘူး။ မပြေလည်လို့သာ ပြစ်မှု ဖြစ်နေတဲ့ကိစ္စပေါ့နော်။ အဲဒီဟာအပေါ်မှာ တစ်ဖက်က ထောင်ထဲ‌ရောက်နေတဲ့လူကို သူကြောင့်ဖြစ်နေတယ် ဆိုတာ သွားပြောလို့က မရဘူးလေ။ ခံနေရတဲ့လူကို ထပ်ပြီးတော့မှ အပြစ်ပြန်တင်နေသေးတယ် ဆိုလို့ရှိရင်တော့ အခုဟာ တကယ့်တကယ်တမ်း ခံနေရတာက ခံနေရတာလေ၊ ထောင်ထဲ‌ရောက်နေတာလေ အဲဒါကို သူကြောင့် ဒီလို ဖြစ်တယ်တို့ ဘာတို့ညာတို့ ပြောတာကြတော့ အဆင်မပြေဘူးပေါ့နော်။ ရှိသမျှ ခေါင်းဆောင် အသီးသီးရဲ့ အမှားတွေ အများကြီး တစ်ဖက်ထဲ မဟုတ်ဘူး၊ ဘက်ပေါင်းစုံမှာ အမှားအများကြီးရှိတယ်။ တပ်ဘက်မှာလည်း အမှားတွေရှိတယ်၊ အရပ်ဘက် နိုင်ငံ‌ရေးသမားတွေမှာလည်း အမှားတွေရှိတယ်၊ တိုင်းရင်းသား လက်နက်ကိုင်တွေ မှာလည်း အမှားတွေရှိတယ်၊ အကုန်လုံး မှန်နေတာ မဟုတ်ဘူး၊ အကုန်လုံးမှားနတာ”ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူများ ကိုယ်တိုင်ရွေးချယ်သော အစိုးရနှင့် ဥပဒေရှေ့မှောက်တွင် လူတိုင်း တန်းတူညီမျှရှိရေး၊ ဒီမိုကရေစီ စံနှုန်းများ ပြည့်ဝသော လွှတ်တော်နိုင်ငံရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင် ပြောင်းလဲရေးတို့ဖြင့် နိုင်ငံကို တည်ဆောက်ရန် ယုံကြည်နေသူဖြစ်သည်ဟု ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှား သူများက ပြောသည်။