CNI News

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၈

မြန်မာနိုင်ငံ၏ နိုင်ငံရေး အကျပ်အတည်းကို ကျော်လွှားနိုင်ရေး ကြိုးပမ်းရာတွင် အာဆီယံမှ အသိမှတ် ပြုခြင်း၊ မပြုခြင်းက အဓိကမဟုတ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။  

မြန်မာနိုင်ငံသည် လက်ရှိ အခြေအနေတွင် သက်ဆိုင်သူများ ပါဝင်သော ဆွေးနွေးမှုမျိုး မရှိသေးခြင်းကြောင့် ရွေး‌ကောက်ပွဲပြီး နောက်ပိုင်းတွင်လည်း အာဆီယံနှင့် မြန်မာ ပြန်လည်ထိတွေ့ ဆက်ဆံရေးသည် ခက်ခဲလိမ့် မည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး Mr.Sihasak Phuangketkeow က ပြောကြားထားသည်။ 

ရွေးကောက်ပွဲအလွန် အစိုးရသစ် တစ်ရပ်အား ပြည်သူလူထု‌ ထောက်ခံမှု ရှင်းလင်းစွာ ဖြစ်သွားလျှင် အာဆီယံမှ အသိအမှတ်ပြုမည်ဖြစ်ကြောင်း၊ ဒီမိုက‌ရေစီဆိုသည်က အာဆီယံ အသိအမှတ်ပြုရန်အတွက် မဟုတ်ဘူးဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးမှ CNI သတင်းဌာနသို့ ပြောသည်။ 

၎င်းက “မြန်မာနဲ့အာဆီယံ ဆက်ဆံရေးက ရွေးကောက်ပွဲ ပြီးသွားလို့ရှိရင် သူက ဒီမိုကရေစီနည်းကျ အစိုးရတစ်ခု၊ လွှတ်တော် ဒါတွေ ပေါ်ထွက်လာမှာလေ၊ အဲ့တော့ သူတို့က အသိမှတ် ပြုတယ်ပြောပြော၊ မပြုဘူး ပြောပြော ဒါတွေက အဓိက မဟုတ်ဘူး။ ကျနော်တို့ အမှန်တကယ် ကျနော်တို့က အစိုးရက ရွေးကောက်ပွဲကို ရိုးရိုးသားသား ကျင်းပ ပေးလိုက်တယ်ဆိုရင် အလိုလျောက် အသိအမှတ်ပြုသွားမှာလေ၊ ဒီမိုကရေစီဆိုတာ သူတို့အသိမှတ်ပြုဖို့ မဟုတ်ဘူး။ ဒါက ကျနော်တို့ ရိုးရိုးသားသား လုပ်တယ်ဆိုရင် ဒီမိုကရေစီက အလိုလိုနေရင် လူထုထောက်ခံမှုက ရှင်းရှင်းလင်းလင်း ဖြစ်သွားလို့ရှိရင် သူတို့ ကျနော်တို့ကို ပြန်ပြီးတော့ အသိမှတ်ပြုရမှာပဲ။ ကျနော်တို့ အာဆီယံ အသိုင်းအဝိုင်းထဲ ပြန်ဆွဲခေါ်ရမှာပဲ။ သူတို့ policy က အာဆီယံရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ဖက်ရေး ဆိုတာ လည်း ရှိထားပြီးသားဆိုတဲ့ အခါကျ‌တော့ မြန်မာပြည်က ဒီမိုကရေစီကျကျ ရွေးတယ် မရွေးတယ် ဆိုတာက အမှန်တိုင်း‌ပြောရင် ခုနက ဘရူနိုင်းလိုနိုင်ငံမျိုး ဘယ်လိုလုပ်မလို့တုန်းပေါ့နော်။ အဲ့တော့ ဒါက ကြီးမားတဲ့ (Issue) မဟုတ်ပါဘူး ဒါက အဆင်ပြေသွားမှာပါ”ဟု ပြောသည်။

မြန်မာမှာ ဒီမိုကရေစီ တောင်းဆိုနေကြစဉ် 

မြန်မာနိုင်ငံနှင့် အာဆီယံ၏ ဆက်ဆံရေးသည် ရွေးကောက်ပွဲပြီးနောက် ပြေလည်သွားနိုင်ခြေရှိကြောင်း၊ ‌မကြာမီ ကျင်းပမည့် ရွေးကောက်ပွဲသည် လူထုယုံကြည် အားကိုးလက်ခံနိုင်မည့် အစိုးရသစ် ဖွဲ့စည်းနိုင်မည်ကို မျှော်လင့် ထားသည်ဟု ရန်ကုန်စောင့်ကြည့်အဖွဲ့ တည်ထောင်သူ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အန်တီတို့ကတော့ ရွေးကောက်ပွဲ ပြီးရင်တော့ မြန်မာနဲ့အာဆီယံရဲ့ ဆက်ဆံရေး အနေအထားတွေက ပိုပြီးတော့ ဒီထက်ပိုပြီး ကောင်းမွန်လာမယ်လို့တော့ အန်တီတို့ ယူဆထားတယ်လေ။ အခု နိုင်ငံကြီးတွေနဲ့ သံတမန်ဆက်ဆံ‌ရေး အနေအထားကလည်း တစ်နေ့တခြား ပိုပိုပြီး ကောင်းလာတယ်လေ၊ ဒါ့ကြောင့်မို့လို့ ရွေးကောက်ပွဲပြီးရင်တော့ အစိုးရဘက်က ပေါ်ပေါက်လာမယ့်လွှတ်တော်တွေကို ဂုဏ်သိက္ခာရှိမယ့် လွှတ်တော် တွေပေါ့နော်၊ အများယုံကြည် လက်ခံနိုင်မယ့် အစိုးရတွေအဖြစ် ဖွဲ့စည်းပေးနိုင်မယ်လို့ အန်တီတို့က မျှော်လင့်ထား တယ်။ အဲဒီလိုမျိုး အားလုံး မျှော်လင့်ထားတဲ့အတိုင်း အစိုးရဘက်ကလည်း ပြုပြင်ပြောင်းလဲမှုတွေကို တကယ်ကို လိုလိုချင်ချင်နဲ့ လုပ်ပြီးတော့ပေါ့နော်၊ အများယုံကြည်လက်ခံတဲ့ အစိုးရတစ်ရပ် ပေါ်ပေါက်လာပြီဆိုရှိရင် ဒီထက် ပိုပြီးတော့လည်း နိုင်ငံတကာရဲ့လက်ခံမှုတွေ တိုးတက်လာမယ်။ နိုင်ငံတကာရဲ့ လက်ခံမှုတွေ ပိုပြီး‌တော့ တိုးတက် လာမယ်လို့ အန်တီတို့ မျှော်လင့်ထားတယ်လေ။ အန်တီတို့ မျှော်လင့်တယ်ဆိုတာထက် နိုင်ငံကပေါ့နော် နိုင်ငံက ပြည်သူလူထု ပြည်တွင်းနေ ပြည်သူလူထုက မျှော်လင့်ထားတာပေါ့” ဟု ပြောသည်။ 

အာဆီယံအဖွဲ့အစည်းသည် အခြေခံအားဖြင့် နှစ်ပိုင်းကွဲထွက်နေကြောင်း၊ အာဆီယံအနေဖြင့် ခိုင်မာသည့် အဖွဲ့အစည်း ဖြစ်ရန်အတွက် စတင်ဖွဲ့စည်းစဥ်က အခြေခံမူဝါဒများ၊ ရပ်တည်ချက်များကို ပြန်လည်သုံးသပ်ရန် လိုအပ်သည်ဟု နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးလေ့လာသူများက ထောက်ပြကြသည်။ 

အာဆီယံ အစည်းအဝေးများကနေ မြန်မာကိုဖယ်ထားစဉ်

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က NLD အစိုးရသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုကို မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟု ဆိုကာ မြန်မာ့တပ်မတော်မှ ဖြုတ်ချ၍ အရေးပေါ် အခြေအနေ ကြေညာခဲ့သည်။ 

ထို့နောက် အာဆီယံက မြန်မာ့အရေးမှာ ဝင်ရောက် ကိုင်တွယ်လာပြီး ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်နှင့် မြန်မာ့တပ်မတော် ခေါင်းဆောင်များကို အာဆီယံ အစည်းအဝေးများကနေ ဖယ်ထုတ်ထားသည်။ 

မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ ရွေးကောက်ပွဲ အပိုင်း(၁)ကိုလည်းကောင်း၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်တွင် ရွေးကောက်ပွဲ အပိုင်း(၂)ကိုလည်းကောင်း၊ ဇန်နဝါရီလ နောက်ဆုံးပတ်မှာ ရွေးကောက်ပွဲ အပိုင်း(၃) ကို လည်းကောင်း ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါ ရွေးကောက်ပွဲများ ကျင်းပပြီး အနိုင်ရသည့် နိုင်ငံရေးပါတီကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးမည်ဖြစ် ကြောင်း၊ ထို့နောက် တပ်မတော်က နိုင်ငံတော် ကာကွယ်ရေး တာဝန်ကိုသာ လုပ်ဆောင်တော့မည်ဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။