CNI News

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၉

လာမည့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလသည် နစက အနေဖြင့် သက်တမ်း ၆ လ ထပ်မံ တိုး/မတိုး ပြည်တွင်းနှင့် နိုင်ငံတကာက စောင့်ကြည့်နေကြသလို မြန်မာနိုင်ငံအတွက်လည်း အလွန်အရေးကြီးကြောင်း ထောက်ပြနေ ကြသည်။

နစက အနေဖြင့် ရွေးကောက်ပွဲအတွက် ပြင်ဆင်ရန် အချိန်ယူရမည်ဖြစ်၍ လာမည့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက် နောက်ပိုင်းတွင် သက်တမ်း ၆ လ ထပ်တိုးနိုင်ခြေများကြောင်း၊ ထို့နောက် ရွေးကောက်ပွဲကျင်းပရေး ကာ/လုံသို့ အာဏာပြန်အပ်ရမှာဖြစ်ကြောင်း၊ ကာ/လုံမှ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြားဖြတ်အစိုးရပုံစံမျိုး ဆင်တူသည့် သီးသန့် အဖွဲ့ဖွဲ့ပြီး လုပ်ဆောင်နိုင်ကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ပုံမှန် အခြေခံဥပဒေက ပေးထားတဲ့ ရွေးကောက်ပွဲလုပ်ရမယ့် အချိန်ဆိုရင်တော့ ၆ လတိုးပြီးမှပဲ သူက ပြင်ဆင်မယ့်အချိန်နဲ့ ဘာနဲ့ယူမှာဆိုတော့ သက်တမ်းတိုးတဲ့ဟာက ပိုပြီးဖြစ်နိုင်ခြေ များတယ်လို့ပဲ အကြမ်းဖျင်း မှတ်ထားပါတယ်။ ဒါကတော့ အချက်အလက်တွေအပေါ် မူတည်ပြီး တွက်တာပေါ့။ မတိုးဘူးဆိုရင်တော့ သူက နစက ကနေတဆင့် ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ ကာ/လုံကို တဆင့်လွှဲပြီးတော့မှ ကာ/လုံကနေ ရွေးကောက်ပွဲ ကျင်းပဖို့အတွက် ဆက်စီစဉ်ပေါ့။ တကယ်လို့ သက်တမ်းတိုးရင်တော့ ရွေးကောက်ပွဲအတွက် ပြင်ဆင်၊ ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကလည်း တကယ်တမ်း အချိန်တော်တော်လေး ယူရတာဆိုတော့ သက်တမ်း တိုးမယ့် အနေအထားကတော့ ဖြစ်နိုင်ခြေများတယ်လို့ပဲ သုံးသပ်ထားပါတယ်” ဟု ပြောသည်။

ကာ/လုံ အစည်းအဝေး ကျင်းပနေစဉ်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က နိုင်ငံတော်ကို အရေးပေါ်ကြေညာကာ မြန်မာ့တပ်မတော်က အာဏာရယူခဲ့ သည်မှာ လာမည့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ၄ နှစ်ပြည့်မည် ဖြစ်သည်။

လတ်တလော အနေအထားတွင် နစကအနေဖြင့် စစ်ရေး၊ နိုင်ငံရေး အကျပ်အတည်းများ ကြုံတွေ့နေရပြီး လာမည့် ဇန်နဝါရီ ၃၁ ရက်နေ့တွင် မည်ကဲ့သို့သော အပြောင်းအလဲ လုပ်ဆောင်လာမလဲဆိုသည့်အပေါ် နိုင်ငံရေး အသိုင်းအဝိုင်းကြား စောင့်ကြည့်နေသည်။

လာမည့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် နစကမှ နောက်ထပ် ၆ လ သက်တမ်း တိုး/မတိုး ပြည်တွင်း၊ ပြည်ပမှ စောင့်ကြည့်နေကြသည်ဟု ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။

ယခင်က ရွေးကောက်ပွဲကို မေလတွင် ပြုလုပ်ခဲ့ကြပြီး ယခုနောက်ပိုင်းတွင် နိုဝင်ဘာလ၌ ပြောင်းလဲ လုပ်ဆောင် လာကြခြင်းဖြစ်၍ နစကအနေဖြင့် ထိုအခင်းအကျင်းကို အသစ်ပြောင်းလဲ လုပ်ဆောင်မလား မှန်း၍မရကြောင်း ၎င်းက ပြောသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်

ဦးခွန်းဆိုင်က “အခု လောလောဆယ်ကတော့ အားလုံးက စောင့်ကြည့်နေတာကတော့ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ သက်တမ်း တိုးမလား၊ မတိုးဘူးလား အဲဒါကို စောင့်ကြည့်နေကြပါတယ်။ ဒါကို စောင့်ကြည့်နေတာက ကျနော်တို့ တင် မကပါဘူး။ အိမ်နီးနားချင်း နိုင်ငံတွေရော အကုန်လုံးက ဝိုင်းကြည့်နေပါတယ်။ ဒီဥစ္စာဘယ်လိုဖြစ်မယ်ဆိုတာ ကျနော်တို့ ပြောလို့မရပါဘူး။ တကယ်လို့ သက်တမ်းတိုးမယ်ဆိုရင် ရွေးကောက်ပွဲလုပ်ဖို့ အချိန်က ပိုရမှာပေါ့။ ဒါပေမယ့် သက်တမ်း မတိုးတော့ဘူး။ အာဏာအပ်မယ်ဆိုရင်တော့ ရွေးကောက်ပွဲကို ၆ လအတွင်း လုပ်ရမယ်ဆို တဲ့ အခါကြတော့ သူတို့ ဘယ်လိုလုပ်မလဲဆိုတာ ကျနော်တို့လည်း ကြည့်နေတာပဲ။ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေပုဒ်မ ၄၂၉ အရ ဆိုရင်တော့ တကယ်လို့ သက်တမ်း မတိုးတော့ဘူးဆိုရင် ၆ လအတွင်း ရွေးကောက်ပွဲ ကျင်းပရမယ်ဆို တာ ရှိထားတာကို။ သူက ပြောထားပြီးသားပဲ အပိုင်းလိုက်လုပ်သွားမယ်လို့၊ တစ်နိုင်ငံလုံး ဖြစ်လိမ့်မယ်လို့ သူလည်း မပြောထားဘူး။ အဲဒီတော့ အပိုင်းလိုက်လုပ်တာက တကယ်လည်း လုပ်မယ်ဆိုရင် ဖြစ်နိုင်တယ်။ လုပ် လည်း လုပ်ဖူးခဲ့တယ်ပေါ့ဗျာ” ဟု ပြောသည်။ 

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က တပ်မတော်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်းအငြင်းပွားမှုကို မဖြေရှင်းပေးဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟု ဆိုကာ ဖြုတ်ချ၍ နိုင်ငံတော်ကို အရေးပေါ် အခြေအနေ ကြေညာကာ လက်ရှိအချိန်ထိ တာဝန်ယူလျက် ရှိနေ သည်။