CNI News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၈
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် နစက ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲတွင် ပူးပေါင်းပါဝင်လာနိုင်ရန်မှာ နှစ်ဖက် အပြန်အလှန်ယုံကြည်မှု အဓိကလိုအပ်ကြောင်း 7 EAOs Alliance မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။
နစက မှ မကြာခင် ကျင်းပရန်စီစဉ်ထားသည့် ရွေးကောက်ပွဲတွင် ပူးပေါင်းရန် PDF နှင့် လက်နက်ကိုင် အဖွဲ့အစည်းများကို ဖိတ်ခေါ်ကမ်းလှမ်းကြောင်း ဇူလိုင်လ ၄ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။
နှစ်ဖက်အင်အားစုများကြား လက်ရှိယုံကြည်မှု ကျဆင်းနေချိန်တွင် ဖိတ်ခေါ်မှုအရ ပါဝင်လာနိုင်ရေးမှာ စိန်ခေါ်မှုနှင့် အခက်အခဲ အများကြီးရှိကြောင်း 7 EAOs Alliance မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။
NUG, TNLA နှင့် ABSDF တို့ကို တွေ့ရစဉ်
“ဘယ်လိုပဲဖြစ်ဖြစ် ခုနက လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ကလည်းပဲ ဒီလိုမျိုး ကျနော်တို့ တစ်နိုင်ငံလုံး စစ်ရေးတွေ ပြင်းထန်ပြီးတော့ ငြိမ်းချမ်းရေးပျက်စီးနေတဲ့အချိန်မှာ ဖိတ်ခေါ်တာကတော့ ကောင်းပါတယ်။ သို့သော်လည်းပဲ ပါဝင်လာနိုင်အောင်တော့ နှစ်ဖက်အပြန်အလှန်ယုံကြည်မှုက အရမ်းကို လိုအပ်မယ် ထင်ပါ တယ်။ ဒီအချိန်က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်နေတယ်။ ပြီးတော့ ယုံကြည်မှုတွေ ကျဆင်း နေတဲ့ အချိန်မှာ ဖိတ်ခေါ်မှုအရ ပါလာနိုင်အောင်လို့ အများကြီး စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ ရှိဦးမယ်ထင်ပါတယ်။ ဘယ်လိုလုပ်သင့်လဲဆိုတော့ နှစ်ဖက် ယုံကြည်မှုရအောင် အရင်ဆုံးလုပ်နိုင်ရင်တော့ ကောင်းမယ်ထင်ပါတယ်။ ယုံကြည်မှုကို ဘယ်လိုလုပ်ကြမလဲဆိုပြန်တော့လည်း ကျနော်တစ်ယောက်တည်း ပြောလို့တော့လည်း အဆင် မပြေဘူး။ နှစ်ဖက်ညှိနှိုင်းပြီးတော့ ဘယ်လိုလုပ်ရင် ဘယ်လိုယုံကြည်မှုတွေ ပြန်တက်လာနိုင်မလဲ ဆိုတဲ့အဖြေ ပေါ်မှာ အကောင်းဆုံးကတော့ ပါဝင်ပတ်သက်နေတဲ့သူတွေ၊ ပါဝင်ပတ်သက်နေတဲ့အဖွဲ့တွေကနေ နှစ်ဖက် သဘောတူညီချက်နဲ့ပဲ တစ်ခုချင်းလုပ်သွားရမယ်လို့ အဲဒီလိုပဲ နားလည်ပါတယ်” ဟု ၎င်းက ပြောသည်။
နစက မှ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကိုအခြေခံသော ပြည်ထောင်စုကြီးနှင့်ကိုက်ညီသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေး တို့သည် ကျင်းပရန် ရှိသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးမှ ထွက်ပေါ်လာမည့် လွှတ်တော်၊ အစိုးရတို့နှင့် ဆက်လက်ညှိနှိုင်းဆွေးနွေးဆောင်ရွက်သွားကြရမည်ဟု ထုတ်ပြန်ထားသည်။
PDF အပါအဝင် လက်နက်ကိုင်အုပ်စုများအနေဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု ကြီး ပေါ်ထွန်းလာရေးကို မျှော်မှန်းကာ ဥပဒေဘောင်အတွင်း တရားဝင်ရပ်တည်ပြီး နိုင်ငံတော် အစိုးရ၊ တပ်မတော်နှင့်လက်တွဲ၍ နိုင်ငံတော်အကျိုး၊ ဒေသအကျိုးကို ဖော်ဆောင်မည်ဆိုပါက ကြိုဆိုလက်ခံ မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့ပြင် လက်နက်ကိုင်လမ်းစဉ်ကို ဆက်လက်လျှောက်လှမ်းနေမည်ဆိုပါက နိုင်ငံတော်အတွက် အကျိုးရှိမည် မဟုတ်ဘဲ ဒီမိုကရေစီ နောက်ပြန်သွားနေသကဲ့သို့သာ ဖြစ်နေမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဆန္ဒမဲထည့်နေစဉ် (ပုံအဟောင်း)
လက်ရှိအခြေအနေအရ PDF နှင့်လက်နက်ကိုင်အဖွဲ့အစည်းများကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံ သည့် ပြည်ထောင်စုတည်ဆောက်မည် ဆိုသည့်အကြောင်းအရာတစ်ခုတည်းဖြင့် ဖိတ်ခေါ်ခြင်းက မလုံလောက် ကြောင်း တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
“တစ်ဖက်ကလည်း ဝါဒမှိုင်းတိုက်ထားတဲ့ကိစ္စရှိတယ်လေ။ စစ်သားအမြစ်ဖြတ်တို့၊ သွေးကြွေးမှာ ဆွေးနွေးစရာ မရှိဘူးဆိုတဲ့ ကဏ္ဍမျိုးတွေနဲ့ လက်နက်ကိုင်ပြီး တော်လှန်နေတဲ့အခါကြတော့ ကျနော်တို့ဘက်ကနေ တိုင်းပြည် ကို ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကိုအခြေခံတယ်ဆိုတဲ့ဟာနဲ့ တည်ဆောက်မယ်ဆိုတာတစ်ခုတည်းနဲ့ မဟုတ်ဘဲနဲ့ တခြားအကြောင်းအရာတွေရောအပါ ဖိတ်ခေါ်ရင်တော့ ပိုပြီးမှ ကောင်းမယ်လို့ မြင်တာပေါ့။ ကျနော် စဉ်းစားချက်က ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုစနစ်တည်ဆောက်မယ်ဆိုတဲ့ ဥစ္စာတင် မကဘဲနဲ့ ပြန်လာခဲ့ရင် တိုင်းပြည်ကိုဘယ်လိုတည်ဆောက်ကြမယ် အကောင်းဆုံးနဲ့။ နောက်ပြီးတော့ ရွေးကောက်ပွဲအလွန်မှာလည်း ဘာတွေလုပ်ကြမယ်။ တိုင်းပြည်ရဲ့ ကောင်းရာ ကောင်းကြောင်းတွေကို ပြောဆို စည်းရုံးတာပေါ့။ စာထုတ်တာလည်းစာထုတ်တာပေါ့။ လူကိုယ်တိုင်တွေ့နိုင်ရင်လည်း လူကိုယ်တိုင်တွေ့ပေါ့။ တွေ့နိုင်တဲ့ကြားခံအဖွဲ့အစည်းတွေရှိပါတယ် CSO ပိုင်းဆိုင်ရာတွေ။ အဲဒါလေးတွေ အသုံးပြုပြီးမှ စည်းရုံးကြရင် တော့ ပိုပြီးမှ ပူးပေါင်းလာမယ်လို့ မျှော်လင့်တာပေါ့” ဟု ၎င်းက ပြောသည်။
နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံ၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလများတွင် မြို့နယ်ပေါင်း ၂၆၇ မြို့နယ်၌ ရွေးကောက်ပွဲကို အပိုင်းလိုက်ခွဲကာ ကျင်းပသွားမည်ဖြစ်ကာ အနိုင်ရပါတီကို အာဏာလွှဲပြောင်းပေးမည်ဟု ပြောကြားထားသည်။
သို့သော် တစ်ဖက် တော်လှန်ရေးအင်အားစုများမှာ ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်မည်ဟု ပြောဆိုထားကြသည်။