CNI International News

ဘန်ကောက်၊ ဇူလိုင် ၈

ထိုင်းနိုင်ငံ၏ ဒီမိုကရေစီစနစ်အရ အကြောင်းကိစ္စ တစ်ခုခုကြောင့် အစားထိုး တာဝန်ထမ်းဆောင်ရသည့် ယာယီ ဝန်ကြီးချုပ်သည် လွှတ်တော်ကို မဖျက်သိမ်းနိုင်ဘဲ ရွေးကောက်ခံထားရသော ဝန်ကြီးချုပ် တစ်ဦးတည်းကသာ အစိုးရအဖွဲ့ဝင် ဝန်ကြီးများကို ခန့်အပ်ပိုင်ခွင့် သို့မဟုတ် လွှတ်တော်ကို ဖျက်သိမ်းပိုင်ခွင့်ရှိသည်ဟု ထိုင်းနိုင်ငံတော် ကောင်စီ အတွင်းရေးမှူးချုပ် ပက်ခွန်း နီလ်ပရာပန့် (Pakorn Nilprapunt) က ဇူလိုင် ၇ ရက်တွင် ပြောကြားခဲ့ သည်ဟု The Naiton မှ ဖော်ပြခဲ့သည်။

ထိုအချက်သည် ဝက်စ်မင်စတာပုံစံ လွှတ်တော်စနစ် (Westminster-style parliamentary system) ကို ကျင့်သုံး သည့် ဒီမိုကရေစီနိုင်ငံများတွင်  အခြေခံမူဖြစ်ကြောင်း Alex Pakorn အမည်ဖြင့် ဖွင့်ထားသည့် Facebook အကောင့်တွင် ပက်ခွန်းက ရေးသားဖော်ပြခဲ့သည်။

ဝက်စ်မင်စတာပုံစံ လွှတ်တော်စနစ်ဆိုသည်မှာ နိုင်ငံ့ခေါင်းဆောင်နေရာကို ဘုရင် သို့မဟုတ် ဘုရင်မ အဖြစ် သတ်မှတ်ထားပြီး အစိုးရအဖွဲ့ ခေါင်းဆောင်နေရာကို ဝန်ကြီးချုပ်အဖြစ် သတ်မှတ်ထားကာ အုပ်ချုပ်ခွင့်အာဏာ ပေးအပ်ထားခြင်း ဖြစ်သည်။

ယာယီဝန်ကြီးချုပ်ကို တွေ့ရစဉ်

“ထိုင်းနိုင်ငံမှာ လွှတ်တော်ရဲ့ ယုံကြည်မှုနဲ့အတူ ရှင်းလင်းတိကျတဲ့ မူဝါဒအရ ဝန်ကြီးချုပ်ကို ခန့်အပ်တာ ဖြစ်ပါ တယ်။ အောက်လွှတ်တော်ဥက္ကဋ္ဌက ဝန်ကြီးချုပ် ခန့်အပ်ကြောင်းကို ဘုရင့်ကို သံတော်ဦးတင်ရပြီး လွှတ်တော်က ခန့်တဲ့ဝန်ကြီးချုပ်ကို ဘုရင်က တရားဝင် အတည်ပြုရတာ ဖြစ်ပါတယ်”ဟု ပက်ခွန်းက ရေးသားခဲ့သည်။

“အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ ခန့်အပ်တဲ့ ဝန်ကြီးချုပ်ရဲ့ အမည်စာရင်းကို ဘုရင်ကပဲ အတည်ပြု ပေးရတာဖြစ်ပြီး အစိုးရအဖွဲ့ဝင်တွေဟာ လူထုရဲ့ ယုံကြည်မှုနဲ့ ထိုက်တန်အောင် တာဝန်ထမ်းဆောင်ရတာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ထိုလုပ်ငန်းစဉ်သည် စနစ်တကျရှိပြီး တဆင့်ပြီးတဆင့် လေးစားယုံကြည်မှုဖြင့် လုပ်ဆောင်ရသည့် လုပ်ငန်းစဉ်များ ဖြစ်သည်ဟုလည်း ပက်ခွန်းက ပြောကြားခဲ့သည်။

ဝန်ကြီးချုပ် ရာထူးကို ဆိုင်းငံ့ခံထားရတဲ့ ပေတုန်တန်ကို တွေ့ရစဉ်

သို့သော် ဒုတိယဝန်ကြီးချုပ်နေရာမှ ယာယီဝန်ကြီးချုပ်အဖြစ် အစားထိုး တာဝန်ထမ်းဆောင်ရသူ တစ်ဦးအနေဖြင့် အစိုးရအဖွဲ့ဝင်များကို ခန့်အပ်ခြင်း သို့မဟုတ် ထုတ်ပယ်ခြင်း အစရှိသည့် ဝန်ကြီးချုပ် အာဏာများကို တရားဝင် ကျင့်သုံးပိုင်ခွင့် မရှိကြောင်းလည်း ၎င်းက ဆိုသည်။

အဘယ်ကြောင့်ဆိုသော် ယာယီဝန်ကြီးချုပ်သည် အထက်ဖော်ပြပါ လုပ်ငန်းစဉ်များအတိုင်း လွှတ်တော်၏ ယုံကြည်မှုဖြင့် တိုက်ရိုက် ရွေးချယ်ခြင်းမရှိဘဲ ဝန်ကြီးချုပ်ရာထူးကို ယာယီသာ ထမ်းဆောင်ရခြင်းကြောင့် ဖြစ်ကြောင်း ပက်ခွန်းက ရှင်းလင်းစွာ ရေးသားဖော်ပြခဲ့သည်။

နောက်ထပ် အရေးကြီးသည့် အချက်မှာ လွှတ်တော်က ရွေးချယ်ထားသည့် ဝန်ကြီချုပ်တစ်ဦးသည် အကြောင်း ကိစ္စ တစ်ခုခုကြောင့် ဆိုင်းငံ့ခံထားရသည့်တိုင် ဝန်ကြီးချုပ်နေရာမှ တရားဝင် ဖယ်ရှားမခံရသေးသော အချိန်တွင် ယာယီဝန်ကြီးချုပ်သည် အောက်လွှတ်တော်ကို ဖျက်သိမ်းပိုင်ခွင့် မရှိကြောင်းလည်း ပက်ခွန်းက Facebook တွင် ရေးသားခဲ့သည်။

Source: The Nation