CNI International News

ဘန်ကောက်၊ ဇွန်လ ၂၇

နောင်လာမည့် ထိုင်းဝန်ကြီးချုပ် နေရာအတွက် လူထု သဘောထား စစ်တမ်းကောက်ယူမှုတစ်ခု၌ ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ သမီးအငယ်ဆုံးဖြစ်သူ ပေးတုန်တန် အန်အင် ရှင်နာဝပ်ထရာ (Paetongtarn "Ung Ing" Shinawatra) သည် အခြား ပြိုင်ဘက်များထက် အလားအလာ ကောင်းပြီး ထိပ်ဆုံးမှ ရေပန်းစားလျက်ရှိကြောင်း ဇွန်လ ၂၇ ရက်က ဘန်ကောက်ပို့ စ်က ရေးသား ဖော်ပြထားသည်။

ထိုင်းအုပ်ချုပ်ရေးဖွံ့ဖြိုးမှု အမျိုးသားသိပ္ပံ (NIDA) က ထုတ်ပြန်ခဲ့သည့် စစ်တမ်းတစ်ခုတွင် ပေးတုန်တန်က ထိပ်ဆုံးမှ ရေပန်း စားနေခြင်း ဖြစ်သည်။ ပေးတုန်တန်သည် သက်ဆင်၏ သမီးအငယ်ဆုံး ဖြစ်သည်။

အဆိုပါ စစ်တမ်းကို ထိုင်းနိုင်ငံတဝန်းရှိ အသက် ၁၈ နှစ်နှင့်အထက် အရွယ်ရောက်ပြီးသူ ၂၅၀၀ တို့ကို ယခုဇွန်လ ၂၀ ရက်မှ ၂၃ ရက်အထိ NIDA က ကောက်ယူ စုဆောင်းခဲ့ခြင်းဖြစ်ကြောင်း ဘန်ကောက်ပို့စ်က ဆက်လက် ရေးသားဖော်ပြသည်။

လာမည့် ဝန်ကြီးချုပ် ရာထူးအတွက် ကြိုက်နှစ်သက်ရာ လူပုဂ္ဂိုလ်ကို အဆိုပါ စစ်တမ်း ဝင်ရောက် ဖြေဆိုသူများအား ရွေးချယ် စေခဲ့ရာ ထိပ်ဆုံးမှ တစ်ပြေးခဲ့သူမှာ မစ္စ ပေးတုန်တန် ဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။

သက်ဆင်နဲ့ သမီးဖြစ်သူ ပေးတုန်တန်

သူမသည် ဖူထိုင်းပါတီ၏ ပေါင်းစည်းမှုနှင့်တီထွင်ဆန်းသစ်မှုဆိုင်ရာ အကြံပေးကော်မတီ၏ အကြီးအကဲအဖြစ် တာဝန်ယူထား သည်။ စစ်တမ်းဖြေဆိုသူ (၂၅ ဒသမ ၂၈ ရာခိုင်နှုန်း) က ၎င်းကို ရွေးချယ်ပေးခဲ့ကြခြင်း ဖြစ်သည်။

ဖြေဆိုသူများဘက်မှ အကြောင်းပြချက်မှာ မျိုးဆက်သစ် ဝန်ကြီးချုပ်တစ်ဦးကို တာဝန်ယူစေလိုကြောင်း၊ ဖူထိုင်းပါတီ၏ မူဝါဒ များကို လေးစားပြီး ရှင်နာဝပ်ထရာ မိသားစု ဆင်းသက်လာ၍ အနှစ်သက်ဆုံးအဖြစ် ဖြေဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အခြားဖြေဆိုသူ ၁၈ ဒသမ ၆၈ ရာခိုင်နှုန်းကတော့ လက်ရှိကာလတွင် မည်သူမျှ ဝန်ကြီးချုပ် ဖြစ်လာစေဖို့ မသင့်လျော် ကြောင်း ထင်မြင်ချက် ပေးခဲ့ကြသည်။
နောက်ထပ် ဒုတိယအနှစ်သက်ဆုံး လူပုဂ္ဂိုလ်မှာ ရှေ့သို့ဦးတည်(Move Forwad)ပါတီ၏ ခေါင်းဆောင် ပီတာလင်ဂျာရိုရန်ရက် (Pita Limjaroentat) ဖြစ်ပြီး စစ်တမ်း ပါဝင်ဖြေဆိုသူ ၁၃ ဒသမ ၂၄ ရာခိုင်နှုန်းက ရွေးချယ်ပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပါတီ၏ မူဝါဒများကို သဘောကျကြောင်း၊ ဝန်ကြီးချုပ် ရာထူးအတွက် အရည်အချင်း ပြည့်မီသည့် မျိုးဆက်သစ် နိုင်ငံရေးသမားတစ်ဦးဟု ယူဆကြောင်း ဖြေဆိုသူများက ပြောကြားခဲ့ကြသည်။

ပီတာလင်ဂျာရိုရန်ရက်ကို တွေ့ရစဉ်

လက်ရှိ ဝန်ကြီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီး ပရာယွက် ချန်အိုချာကတော့ ယခုစစ်တမ်းတွင် ပါဝင်ဖြေဆိုသူ ၁၁ ဒသမ ၆၈ ရာခိုင်နှုန်း၏ လိုလားမှု ရရှိခဲ့သည်။ ၎င်းသည် လက်ရှိ အာဏာရသူဖြစ်ပြီး ရိုးသားသူဟု ၎င်းတို့ယူဆကြောင်း အဆိုပါ ဖြေဆိုသူ ရာခိုင်နှုန်းက အကြောင်းပြခဲ့သည်။

ဖြေဆိုသူ ရာခိုင်နှုန်း အနည်းဆုံးရရှိခဲ့သူမှာ ထိုင်းဆမ်ထိုင်း (Thai Sang Thai) ပါတီမှ အမျိုးသမီး ခေါင်း‌ဆောင် ခွန်ယင်းစူဒါ ရက်ကေးယူရာဖန် ဖြစ်ပြီး ယခုစစ်တမ်း၏ ၆ ဒသမ ၈ ရာခိုင်နှုန်းသာ ရခဲ့သည်။ ၎င်းသည် ရိုးသား၍ အတွေ့အကြုံရှိသည့် အမျိုးသမီးကို ဝန်ကြီးချုပ် ရာထူးပေးသင့်သည်ဟု ၎င်းကို လိုလားထောက်ခံသူများက ပြောကြသည်။

ယခု ထွက်ပေါ်လာသော ရလဒ်များသည် စစ်တမ်းမျှသာ ဖြစ်သဖြင့် မိမိတို့အစိုးရအနေဖြင့် ထူးထူးခြားခြား မခံစားရကြောင်း ထိုင်းအစိုးရအဖွဲ့၏ ဒုတိယပြောရေးဆိုခွင့်ရှိသူ ရာချာဒါဒါနာဒီရစ်က သဘောထား မှတ်ချက်ပေးခဲ့သည်။

လက်ရှိ ဝန်ကြီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီး ပရာယွက် ချန်အိုချာ

“ကျမတို့ အစိုးရအနေနဲ့ ဒီကိစ္စကို ဘာမှ မခံစားမိဘူးရှင့်။ ပြည်သူတွေရဲ့ ပြဿနာတွေကိုပဲ ဖြေရှင်းပေးဖို့ ကျမတို့မှာ တာဝန်ရှိ ပါတယ်။ အတော်များများ ဖြေရှင်းပြီးပါပြီ” ဟု ၎င်းက ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ၏ လာမည့် အထွေထွေရွေးကောက်ပွဲသည် အလှမ်းဝေးနေသေးသဖြင့် ရွေးကောက်ပွဲ ကိစ္စနှင့်စပ်လျဉ်း၍ အထူးတ လည် စိုးရိမ်ပူပန်မှုမရှိကြောင်း လက်ရှိအာဏာရ ပလန်ပရာချာရတ်ပါတီမှ လွှတ်တော်အမတ် နီရိုတေးဆွန်သေးလေခက ပြောကြားခဲ့သည်။

Source: Bangkok Post