CNI International News

ဘန်ကောက်၊ နိုဝင်ဘာ ၂၂

လစ်လပ်နေရာများစွာကို အစားထိုးရန်အတွက် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ၏ အစိုးရအဖွဲ့အတွင်း အပြောင်းအလဲ ပြုလုပ်ရန် အချိန်တန်ပြီဟု ဒီမိုကရက်တစ်ပါတီခေါင်းဆောင် ဂျူရင်လက်စာနာဝီဆစ်က နိုဝင်ဘာ ၂၁ ရက်တွင် ကြေညာခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းအရ သိရသည်။

ဖာ့သလောင် ဒီမိုကရက်တစ်ပါတီမှ လွှတ်တော်အမတ် နာရစ်ခမ်နူရက်ကို ပြည်ထဲရေး ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ရန် ဆုံးဖြတ်လိုက်ကြောင်း မစ္စတာ ဂျူရင်က တဆက်တည်းတွင် ကြေညာခဲ့သည်။

ထိုသို့ ခန့်အပ်ခြင်းဖြင့် ဆောင်ခလရခိုင် အုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ် ၂၀၁၃ ခုနှစ်၌ စတင်ထမ်းဆောင်ချိန် နောက်ပိုင်း ရာထူးမှ နုတ်ထွက်ခဲ့သော နီဖွန်ဘန်ညမန်နီး၏ လစ်လပ်နေရာကို အစားထိုးနိုင်မည် ဖြစ်သည်။

ပြည်ထဲရေးဒုတိယဝန်ကြီး ခန့်အပ်ခြင်းအပေါ် ထိုင်းဘုရင်မင်းမြတ်ထံမှ ထောက်ခံချက် ရရှိရန် တင်ပြထားကြောင်း၊ အလားတူ မစ္စတာနာရစ်ကို ဒုတိယဝန်ကြီး ခန့်အပ်ရေး တောင်းဆိုလွှာကို ဗိုလ်ချုပ်ကြီး ပရာယွတ် ထံသို့လည်း ပေးပို့ထားကြောင်း မစ္စတာဂျူရင်က ဆက်လက် ပြောကြားခဲ့သည်။

အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဖိုရမ် (APEC) အစည်းအဝေးအပြီးတွင် မစ္စတာနာရစ်ကို အစိုးရ အဖွဲ့ဝင်အဖြစ် ခန့်အပ်ရေးမှာ နှောင့်နှေးစရာ အကြောင်းမရှိဟု ၎င်းက အလေးပေး ပြောကြားခဲ့သည်။

ဒီမိုကရက်တစ်ပါတီခေါင်းဆောင် ဂျူရင်လက်စာနာဝီဆစ်ကိုတွေ့ရစဉ် (PBS)

ဗိုလ်ချုပ်ကြီးပရာယွတ် အနေဖြင့် ၎င်း၏ဝန်ကြီးချုပ်ရာထူး သက်တမ်းကိစ္စ ဆုံးဖြတ်ချက် ကျပြီးသည်နှင့် ယခု ပြည်ထဲရေး ဒုတိယဝန်ကြီး ခန့်အပ်ရေးကို အာရုံစိုက်သွားမည်ဟု ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် မစ္စတာဂျူရင် က ယခင်လ၌လည်း ပြောကြားခဲ့ပြီး ဖြစ်သည်။

ထိုကဲ့သို့ ဒီမိုကရက်တစ်ပါတီ၏ လှုပ်ရှားမှုများသည် အာဏာရ ပါလန်းပရာချာရတ် (PPRP) ပါတီနှင့် ဘွန်ဂျိုင် ထိုင်းပါတီတို့က တောင်းဆိုထားသည့် အစိုးရအဖွဲ့ အပြောင်းအလဲကို လှုပ်လှုပ်ခတ်ခတ် ဖြစ်စေနိုင်ဖွယ်ရှိနေသည်။

PPRP ပါတီသည် ဗိုလ်မှူးကြီး သာမာနက်ပရွမ်ပေါ ထုတ်ပယ်ခံရ၍ လစ်လပ်နေသည့် စိုက်ပျိုးရေး ဒုတိယဝန်ကြီး နေရာနှင့် နာရူမွန်ပင်ယိုစင်ဝပ် ထုတ်ပယ်ခံရ၍ လစ်လပ်နေသည့် အလုပ်သမား ဒုတိယဝန်ကြီး ရာထူးများကို အစားထိုး ခန့်အပ်ခြင်း မရှိသေးပေ။

၎င်းတို့နှစ်ဦးစလုံးကို ယမန်နှစ်၌ ဗိုလ်ချုပ်ကြီး ပရာယွတ်က အစိုးရအဖွဲ့ထဲမှ ထုတ်ပယ်ခဲ့သည်။

တစ်ချိန်တည်းမှာပင် ဘွန်ဂျိုင်ထိုင်းပါတီမှလည်း တောင်းဆိုထားသည့် ပညာရေး ဒုတိယဝန်ကြီးနေရာ ခန့်အပ်ရေး ကလည်း ရှိသေးသည်။

ထိုင်းအောက်လွှတ်တော်၏ သက်တမ်းသည် လာမည့်နှစ် မတ်လတွင် ကုန်ဆုံးမည်ဖြစ်၍ ဗိုလ်ချုပ်ကြီး ပရာယွတ် သည် အစိုးရအဖွဲ့အတွင်း အပြောင်းအလဲလုပ်ရန် တွန့်ဆုတ်နေနိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောကြကြောင်း ဘန်ကောက်ပို့စ်တွင် ရေးသားထားသည်။

Source: Bangkok Post