CNI International News

ဘန်ကောက်၊ ဇူလိုင် ၃

ထိုင်းနှင့်ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခသည် ထိုင်းတွင် နိုင်ငံရေး အကျပ်အတည်းကို ဖြစ်ပွားစေခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးက ဝန်ကြီးချုပ် ပေတုန်တန် (Paetongtarn Shinawatra)အား ကျင့်ဝတ်သိက္ခာ ချိုးဖောက်မှုဖြင့် ရာထူးမှ ဆိုင်းငံ့ခဲ့သည်။

အကယ်၍ ပေတုန်တန်သည် ဝန်ကြီးချုပ်အဖြစ် ဆက်လက် တာဝန်ထမ်းဆောင်မည်ဆိုပါက ထိုင်းနိုင်ငံသည် အန္တရာယ်ရှိနိုင်သည့် အခြေအနေကိုလည်း တရားရုံးက အရိပ်အမြွက်ဖော်ပြခဲ့သည်။

လက်ရှိတွင် တရားရုံး၏ နောက်ဆုံး စီရင်ချက် မချမီ အချိန်အထိ ပေတုန်တန်သည် ရာထူးမှ ဆိုင်းငံ့ ခံထားရမည် ဖြစ်ပြီး နောက်ထပ် ဖြစ်လာနိုင်သည့် အချက်များကို လေ့လာကြည့်မည်ဆိုပါက အောက်ပါအတိုင်း တွေ့ရမည် ဖြစ်သည်။

ပေတုန်တန်ကို တွေ့ရစဉ်

ယာယီဝန်ကြီးချုပ်
**************
ဒုတိယဝန်ကြီးချုပ်ဖြစ်သည့် သူရိယ ဂျူအန်ရွန်ရူအန်ကစ် (၇၀ နှစ်)က ယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ယူ ထားမည်ဖြစ်သည်။

တရားရုံး ကြားနာစစ်ဆေးမှု
************************
ပေတုန်တန်သည် ကျင့်ဝတ်သိက္ခာ ချိုးဖောက်မှုကို ခုခံလျှောက်လှဲရန် အချိန် ၁၅ ရက် ရရှိထားပြီး တရားရုံးက ၎င်းအား ရာထူးမှ ဖယ်ရှားရန် သင့်၊မသင့်ကို ဆုံးဖြတ်ချက် ချမှတ်သွားမည်ဖြစ်သည်။

ပေတုန်တန်ကို တွေ့ရစဉ်

ရာထူးအသစ်
************
ပေတုန်တန်သည် ဇူလိုင် ၃ ရက်တွင် ယဉ်ကျေးမှုဝန်ကြီးအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက် အစိုးရအဖွဲ့ထဲတွင် ဆက်ရှိနေမည်ဖြစ်သည်။ 

ထို့ကြောင့် သူသည် ဝန်ကြီးချုပ်အဖြစ် မဟုတ်ဘဲ ဝန်ကြီးတစ်ဦးအဖြစ် အစိုးရအစည်းအဝေးများကို တက်နိုင် မည်ဖြစ်သည်။

ကောက်ချက်ချ ရမည်ဆိုပါက ပြစ်မှုထင်ရှား တွေ့ရှိလျင် ပေတုန်တန်သည် ဝန်ကြီးချုပ်ရာထူးကို ဆုံးရှုံးရနိုင်ကာ နိုင်ငံရေးလောကမှလည်း တားမြစ်ပိတ်ပင်ခံရဖွယ်ရှိသည်။

ထိုင်းတွင် လာမည့် အထွေထွေရွေးကောက်ပွဲကို ၂၀၂၇ ခုနှစ်၊ ဇွန်လ ၂၈ ရက်တွင် ပြုလုပ်ရမည် ဖြစ်သော်လည်း လက်ရှိ နိုင်ငံရေး အကျပ်အတည်းကြောင့် ရွေးကောက်ပွဲကို သတ်မှတ်ထားသည့် ရက်ထက်စောပြီး ကျင်းပရမည် ဖြစ်သည်။

Source: Nikkei Asia