CNI International News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂၄

ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာကို လက်ရှိရာထူးတာဝန်မှ ဆိုင်းငံ့ရန် ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက ၅ မဲ-၄ မဲဖြင့် ဆုံးဖြတ်လိုက်ကြောင်း ဩဂုတ် ၂၄ ရက် (ယနေ့) မွန်းလွဲပိုင်း၌ ဘန်ကောက်ပို့စ်ဝက်ဘ်ဆိုက်တွင် ရေးသားထားသည်။

ဝန်ကြီးချုပ်၏ ၈ နှစ်သက်တမ်းအတွက် စီရင်ဆုံးဖြတ်ပေးပါရန် တောင်းဆိုသည့် အသနားခံ(အယူခံ)လွှာကို လက်ခံခဲ့ပြီးနောက် တရားရုံးက အထက်ပါတိုင်း ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

အဆိုပါ အသနားခံစာကို ဩဂုတ် ၂၂ ရက်တွင် လွှတ်တော်က တရားရုံးထံသို့ ပေးပို့ခဲ့သည်။

ဒုတိယဝန်ကြီးချုပ် ဝစ်စနုကရီဂမ်က “ဗိုလ်ချုပ်ကြီး ပရာယွတ်ကို ဆိုင်းငံ့လိုက်ရင်တော့ လက်ရှိ ဒုဝန်ကြီးချုပ် ပရာဝစ်ဝေါင်စူဝမ်က ယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီး ပရာယွတ် ကတော့ ကာကွယ်ရေးဝန်ကြီးတာဝန် ဆက်ယူထားလိမ့်မယ်” ဟု ပြောသည်။

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနဲ့ ဒုဝန်ကြီးချုပ် ပရာဝစ်ဝေါင်စူဝမ်ကိုတွေ့ရစဉ် (GETTY IMAGES)

ထိုင်းနိုင်ငံအစိုးရဖွဲ့စည်းပုံတွင် ဒုတိယဝန်ကြီးချုပ် ၅ ဦးအထိ ခန့်အပ်ထားသည်။

အစိုးရအဖွဲ့ဝင် တာဝန်ရှိသူများလည်း ပုံမှန်အတိုင်း ဆက်လက် ထမ်းဆောင်ရန် လိုအပ်ကြောင်း ဝစ်စနုကရီဂမ်က အလေးပေး ပြောကြားခဲ့သည်။

“တာဝန်ဝတ္တရားကို ကျေပွန်စွာ ထမ်းဆောင်ဖို့ ပျက်ကွက်တဲ့ အရာရှိတိုင်းဟာ ရာဇသတ်ကြီးကျင့်ထုံးဥပဒေ ၁၅၇ ကို ဖောက်ဖျက်တာ ဖြစ်ပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။

ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၅၈ အရ ဝန်ကြီးချုပ်တစ်ဦး၏ ရာထူးသက်တမ်းသည် ၈ နှစ်သာဖြစ်သော် လည်း ဗိုလ်ချုပ်ကြီးပရာယွတ်၏ သက်တမ်း တရားဝင် ကုန်ဆုံးချိန်တွင်တော့ သဘောထား ကွဲလွဲမှုများ ပေါ်ပေါက် လာခဲ့သည်။

Source: Bangkok Post