CNI News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၅
လာမည့် ၃ လအတွင်း ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်သစ်တက်လာလိမ့်မည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်က ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၄ ရက်တွင် သူ၏ လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပြောကြားခဲ့သည်။
ထိုင်းဝန်ကြီးချုပ် အပြောင်းအလဲဖြစ်ပြီး တက်လာမည့် ဝန်ကြီးချုပ် ဘယ်သူဖြစ်မည်ဆိုသည်ကို မိမိအနေဖြင့် သိ ထားကြောင်း ၎င်းက ပြောသည်။
ဟွန်ဆန်က “ကျနော် ခန့်မှန်းခြေအရဆိုရင် နောက် ၃ လအတွင်း ထိုင်းမှာ ဝန်ကြီးချုပ်သစ် တက်လာလိမ့်မယ်။ ပြီးတော့ ဘယ်သူ ဝန်ကြီးချုပ် ဖြစ်မလဲဆိုတာ ကျနော် သိတယ်၊ ဒါပေမယ့် အံ့သြအောင်ထားလိုက်မယ် မပြော သေးဘူး”ဟု ပြောသည်။
ထိုင်းဝန်ကြီးချုပ် ပေတုန်တန်သည် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နှင့် ဖုန်းပြောစဉ် အမှတ် ၂ စစ်ဒေသ တိုင်းမှူးကို ဝေဖန်ခဲ့သည့် အသံဖိုင် ပေါက်ကြားလာပြီးနောက် ရာထူးက နုတ်ထွက်ရန် ဖိအားပေးခံ နေရသလို စစ်တပ်၏ အာဏာသိမ်းမှုကို ခံရနိုင်ကြောင်းလည်း သုံးသပ်နေကြသည်။
ဟွန်ဆန်၏ ရေးသားထားမှုကိုတွေ့ရစဉ်
ထို့နောက် ပေတုန်တန် ဦးဆောင်သည့် ထိုင်းညွန့်ပေါင်းအစိုးရအဖွဲ့ကနေ ဘူဂျာထိုင်းပါတီက နုတ်ထွက်သွားသလို ဒုဝန်ကြီးချုပ်နှင့်ပြည်ထဲရေးဝန်ကြီး တာဝန်ယူထားသည့် ဘူဂျာထိုင်းပါတီခေါင်းဆောင် အနူတင်ကလည်း ရာထူး ကနေ နုတ်ထွက်သွားခဲ့သည်။
ထိုအခြေအနေများအတွင်းမှာ ပေတုန်တန်သည် ထိုင်းအစိုးရအဖွဲ့ကို ပြန်လည်၍ ပြင်ဆင်ဖွဲ့စည်းနေပြီး မကြာခင် အားလုံး ထုတ်ပြန် ကြေညာသွားရန် စီစဉ်ထားကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြထားသည်။