CNI International News

ဘေဂျင်း၊ ဇွန်လ ၂၅

အိန္ဒိယနှင့် တရုတ်သည် ၂ နိုင်ငံ ဆက်ဆံရေးကို မြှင့်တင်ရန်နှင့် နယ်စပ်ဒေသတွင် ငြိမ်းချမ်းရေးကို ထိန်းသိမ်း မည်ဆိုသည့် ၎င်းတို့၏ သန္နိဋ္ဌာန်အား ထပ်လောင်း အတည်ပြုခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။

အိန္ဒိယအမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် အဂျစ် ဒိုဗယ်လ် (Ajit Doval) သည် တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော် သို့ သွားရောက်ခဲ့ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) နှင့် အစည်းအဝေး ပြုလုပ်ချိန်အတွင်း ထိုကဲ့သို့ အတည်ပြုခဲ့ခြင်းဖြစ်သည်။

၂ နိုင်ငံ ဆက်ဆံရေးတွင် တိုးတက်မှုရှိခဲ့ကြောင်း၊ ထိုဆက်ဆံရေးကို ပိုမိုတိုးတက် ကောင်းမွန်လာစေရန်၊ အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရန်နှင့် လက်တွေ့ကျသော ပြဿနာများကို ဖြေရှင်းရန် မရှိမဖြစ် လိုအပ်ကြောင်း ဝမ်က ပြောကြားခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

နှစ်ဦးနှစ်ဖက် အကျိုးရှိသည့် ရလဒ်ကို ရရှိစေရန်အတွက် ပြိုင်ဘက်မဟုတ်သည့် မိတ်ဖက်နိုင်ငံများအဖြစ် ဆက်ရှိ နေစေရန်၊ ခြိမ်းခြောက်မှုများ မဟုတ်ဘဲ အပြန်အလှန် ဖွံ့ဖြိုးတိုးတက်စေသည့် အခွင့်အလမ်းများ ဖန်တီးပေးရန် အစရှိသည့် အချက်များကို ဆက်လက် စွဲကိုင်ရမည်ဟုလည်း ဝမ်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ အိန္ဒိယအမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဒိုဗယ်ကိုတွေ့ရစဉ်

“အိမ်နီးချင်းကောင်းတွေရဲ့ ခင်မင်ရင်းနှီးမှု၊ အပြန်အလှန်အကျိုးရှိစေရေး၊ သမိုင်းအစဉ်အလာ ကြီးမားတဲ့ နှစ်နိုင်ငံ စလုံးရဲ့ သမိုင်းဝင် အသိဉာဏ်ပညာတွေကို ပြသဖို့၊ နယ်စပ်ဒေသတွေမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့နဲ့ အကဲဆတ်တဲ့ အရေးကိစ္စတွေကို သင့်တော်စွာ ကိုင်တွယ်ဖြေရှင်းဖို့  ၂ နိုင်ငံစလုံးက လုပ်ဆောင်ရ ပါမယ်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

တရုတ်နှင့် အိန္ဒိယသည် ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍကို ပိုမိုအာရုံစိုက်သင့်ပြီး ကဏ္ဍပေါင်းစုံ၊ နယ်ပယ်ပေါင်းစုံ တွင် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုချဲ့ထွင်သင့်ကြောင်း ဝမ်က ပြောကြားခဲ့သည်။

ဒိုဗယ်သည် ဒေသတွင်း လုံခြုံရေးအတွက် ဖွဲ့စည်းထားသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) အစည်းအဝေးကို တက်ရောက်ရန် တရုတ်သို့ ရောက်ရှိနေခြင်းဖြစ်သည်။

ဝမ်နှင့် ဒိုဗယ်တို့၏ အစည်းအဝေးအပြီး အိန္ဒိယအစိုးရ၏ ထုတ်ပြန်ချက်တွင် ၂ နိုင်ငံပြည်သူများကြား ဆက်ဆံရေး ကို မြှင့်တင်မှု အပါအဝင် အလုံးစုံ ဆက်ဆံရေးများအား တိုးမြှင့်ရန် လိုအပ်ကြောင်း နှစ်ဖက်စလုံးက အလေးထား ပြောဆိုခဲ့သည်ဟု ဖော်ပြခဲ့သည်။

Source: South China Morning Post