CNI International News

နယူးဒေလီ၊ စက်တင်ဘာ ၂၆

တရုတ်နှင့် အိန္ဒိယအကြား ဆက်ဆံရေးသည် အာရှ၏ အနာဂတ်အတွက် သာမကဘဲ ကမ္ဘာလုံးဆိုင်ရာ အခင်း အကျင်းအတွက်ပါ အရေးကြီးလာခဲ့ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဂျိုင်ရှန်ကာ (Subrahmanyam Jaishankar) က ပြောကြားခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။

"အိန္ဒိယ-တရုတ် ဆက်ဆံရေးဟာ အာရှရဲ့ အနာဂတ်အတွက် အရေးကြီးပါတယ်။ ကမ္ဘာကြီးဟာ ဝင်ရိုးစုံကမ္ဘာ ဖြစ်ဖို့ဆိုရင် အာရှဟာလည်း ဝင်ရိုးစုံအာရှ ဖြစ်ရပါမယ်" ဟု ဂျိုင်ရှန်ကာက ပြောကြားခဲ့သည်။

နှစ်နိုင်ငံအကြား ဆက်ဆံရေးများသည် အာရှ၏ အနာဂတ်အတွက် သာမကဲ ကမ္ဘာကြီး၏ အနာဂတ်ကိုလည်း လွှမ်းမိုးထားကြောင်း ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။

၂၀၀၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ တရုတ်နိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဂျိုင်ရှန်ကာသည် စက်တင်ဘာ ၂၄ ရက်က ကုလသမဂ္ဂအထွေထွေညီလာခံတွင် နယူးယောက် အခြေစိုက် ပြည်ပဆက်ဆံရေးကောင်စီက ကြီးမှူးကျင်းပသည့် ပွဲအခမ်းအနား တစ်ခုအတွင်း ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

ဂျိုင်ရှန်ကာနဲ့ ဝမ်ယိကို တွေ့ရစဉ်

တရုတ်နှင့် အိန္ဒိယအကြား ဆယ်စုနှစ်များစွာ ကြာမြင့်လာပြီဖြစ်သည့် ဟိမဝန္တရာနယ်စပ် ပြဿနာသည် နှစ်နိုင်ငံ ဆက်ဆံရေးကို ဆိုးရွားစေသော အဓိကအကြောင်းရင်း တစ်ခုအဖြစ် ဆက်လက် တည်ရှိနေဆဲဖြစ်သည်။

ထိုနယ်စပ်ဒေသ အငြင်းပွားမှုကြောင့် ၁၉၆၂ ခုနှစ်က အိန္ဒိယ-တရုတ် စစ်ပွဲဖြစ်ပွားခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင်လည်း နှစ်နိုင်ငံစစ်သည်များအကြား ခိုက်ရန်ဖြစ်ပွားခဲ့ကာ အိန္ဒိယစစ်သား ၂၀ နှင့် တရုတ်စစ်သား ၄ ဦး သေဆုံးခဲ့သည်။

၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြားမည့် ဂျိုင်ရှန်ကာသည် ကုလသမဂ္ဂဌာန ချုပ်၌  ပြည်ပနိုင်ငံများမှ ထိပ်သီးခေါင်းဆောင်များနှင့် ဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိသည်။

Asia Society ပွဲ အခမ်းအနားတွင် တရုတ်နှင့်ပတ်သက်သည့် မေးခွန်းတစ်ခုကို ဖြေကြားချိန်၌ ဂျိုင်ရှန်ကာက တရုတ်နှင့် အိန္ဒိယအကြား ၁၉၆၂ ခုနှစ် စစ်ပွဲဖြစ်ပွားခဲ့မှု အပါအဝင် ခက်ခဲသည့် သမိုင်းကြောင်း ရှိခဲ့သည်ဟု ဖြေကြားခဲ့သည်။

သို့သော် မကြာသေးမီက နှစ်နိုင်ငံအကြား သဘောထား ကွဲလွဲနေသည့် ပြဿနာ စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းကို အဖြေရှာနိုင်ခဲ့ပြီဖြစ်ကြောင်းလည်း ဂျိုင်ရှန်ကာက ပြောကြားခဲ့သည်။

Source: SCMP