CNI International News
နယူးဒေလီ၊ ဩဂတ် ၂၀
တရုတ်နှင့် အိန္ဒိယတို့သည် တစ်ဖက်နှင့်တစ်ဖက် ရန်သူမဟုတ်ဘဲ မိတ်ဖက်များ၊ အခွင့်အလမ်းများအဖြစ် ရှုမြင်သင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) က ပြောကြားခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။
ထို့ပြင် ကမ္ဘာကြီးအတွက် လိုအပ်သည့် တည်ငြိမ်မှုကို ဆောင်ကြဉ်းပေးသင့်ကြောင်း ၎င်းက ပြောသည်။
ဝမ်သည် နှစ်နိုင်ငံဆက်ဆံရေးကို မြှင့်တင်ရန် ၃ နှစ်အတွင်း ပထမဆုံး အိန္ဒိယခရီးစဉ်အဖြစ် ရောက်ရှိလာခဲ့ ခြင်းဖြစ်ပြီး အိန္ဒိယထိပ်သီး အရာရှိများနှင့် တွေ့ဆုံခဲ့သည်။
ဩဂုတ် ၁၈ ရက်တွင် ဝမ်သည် အိန္ဒိယပြည်ပရေးရာဝန်ကြီး ဂျိုင်ရှန်ကာ (Subrahmanyam Jaishankar) နှင့် နယူးဒေလီမြို့တော်၌ တွေ့ဆုံချိန် နှစ်နိုင်ငံစလုံးအနေဖြင့် တစ်ဖက်၏ အရင်းအမြစ်များကို ဖွံ့ဖြိုးတိုးတက်စေရန် လုပ်ဆောင်သင့်ကြောင်း ပြောကြားခဲ့သည်။
“တရုတ်နဲ့ အိန္ဒိယဟာ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်လေးစားမှု၊ ယုံကြည်မှုတွေနဲ့ ဆက်ဆံပြီး လမ်းကြောင်း မှန်ကို ရှာဖွေသင့်ပါတယ်။ ပြီးတော့ ငြိမ်းချမ်းစွာနေထိုင်ပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိစေမယ့် ပူးပေါင်းဆောင်ရွက်မှု တွေ လုပ်ဆောင်ပြီး နှစ်နိုင်ငံဆက်ဆံရေး မြင့်တက်နေတဲ့ အရှိန်အဟုန်ကို ပိုမိုအားကောင်းလာအောင် လုပ်ဆောင် ရပါမယ်”ဟု ဝမ်က ပြောကြားခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
မြန်မာ့မြေရှားသတ္တုလုပ်ငန်းကို တွေ့ရစဉ်
အိန္ဒိယ၏ The Economic Times သတင်းစာကလည်း တရုတ်သည် အိန္ဒိယ၏ စိုးရိမ်ပူပန်မှု ၃ ခုဖြစ်သည့် မြေရှား သတ္တု၊ ဓာတ်မြေဩဇာနှင့် လိုဏ်ခေါင်းဖောက်စက်များကို တင်ပို့ရောင်းချပေးမည်ဟုလည်း ကတိပြုခဲ့ကြောင်း ဖော်ပြခဲ့သည်။
ဝမ်၏ ခရီးစဉ်သည် ၂၀၂၀ ပြည့်နှစ်က နှစ်နိုင်ငံနယ်စပ်တွင် စစ်သားများ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး သမိုင်းတစ်လျှောက် ဆက်ဆံရေး အနိမ့်ဆုံးအဆင့်အထိ ကျဆင်းခဲ့ပြီးနောက် တရုတ်နှင့် အိန္ဒိယကြား ဆက်ဆံရေး၌ တိုးတက်မှုရှိသည့် လက္ခဏာဖြစ်ခဲ့သည်။
လက်ရှိတွင် တရုတ်နှင့် အိန္ဒိယသည် အမေရိကန်၏ ကုန်သွယ်ရေးဖိအားများဖြင့် ရင်ဆိုင်နေရချိန်တွင် ၎င်းတို့၏ ဆက်ဆံရေးများကို မြှင့်တင်နေသည်။
အိန္ဒိယသံတမန်များကလည်း ဝမ်နှင့် တွေ့ဆုံချိန်တွင် စီးပွားရေး၊ ကုန်သွယ်ရေး၊ ပြည်သူအချင်းချင်း ထိတွေ့ ဆက်ဆံမှု၊ နယ်စပ်ကုန်သွယ်ရေးနှင့် နည်းပညာကဏ္ဍ အပါအဝင် ကဏ္ဍပေါင်းစုံကို ဆွေးနွေးခဲ့ကြသည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
Source: South China Morning Post