CNI International News
ဘေဂျင်း၊ ဩဂုတ် ၁၈
တရုတ်နှင့် အိန္ဒိယကြား ဟိမဝန္တာ နယ်စပ်ဒေသတွင် အငြင်းပွားမှု ဖြစ်ပွားနေခြင်းနှင့်ပတ်သက်ပြီး ဆွေးနွေးမှုများ ပြုလုပ်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) သည် ဩဂုတ် ၁၈ ရက်မှ ၁၉ ရက်အထိ အိန္ဒိယသို့ သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။
ထိုခရီးစဉ်သည် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိအတွက် ၃ နှစ်အတွင်း အိန္ဒိယသို့ ပထမဆုံး သွားရောက်မည့် ခရီးစဉ် ဖြစ်သည်။
တရုတ်နှင့် အိန္ဒိယသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလက ဟိမဝန္တာ နယ်စပ်ဒေသတွင် ကင်းလှည့်မှုများနှင့် ပတ်သက်ပြီး သဘောတူညီမှု ရရှိခဲ့ကာ နှစ်နိုင်ငံကြား ဆက်ဆံရေးများ ပျော့ပြောင်းလာခဲ့သလို နယ်စပ် ကုန်သွယ် ရေး၊ ရင်းနှီးမြှုပ်နှံရေးနှင့် ခရီးသွားကဏ္ဍများ တိုးတက်လာခဲ့သည်။
အိန္ဒိယ၏ ဖိတ်ကြားမှုဖြင့် ဝမ်ယိသည် ၂၄ ကြိမ်မြောက် နယ်စပ်အရေး ဆွေးနွေးပွဲတွင် တရုတ်- အိန္ဒိယ နယ်စပ် ရေးရာ အထူးကိုယ်စားလှယ်အဖြစ် တက်ရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ် ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဝမ်သည် အိန္ဒိယ၏ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် အဂျစ်ဒိုဗယ် ( Ajit Doval) အပါအဝင် အိန္ဒိယ၏ ထိပ်သီး အရာရှိများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်သည်။
အိန္ဒိယစစ်သားတွေကို တွေ့ရစဉ်
တရုတ်နှင့် အိန္ဒိယကြား Line of Actual Control ဟု လူသိများသည့် အငြင်းပွား နယ်စပ်ဒေသ တစ်လျှောက် အရှေ့ဘက် လာဒက် (Ladakh) ဒေသတွင် နှစ်နိုင်ငံတပ်ဖွဲ့များ ထိတွေ့မှုများကို လျှော့ချရန်အတွက် အဂျစ်ဒိုဗယ် နှင့် ဝမ်ယိတို့သည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကလည်း တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်၌ တွေ့ဆုံခဲ့သည်။
အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Narendra Modi) ကလည်း ၇ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တရုတ်သို့ သွားရောက် ရန် ပြင်ဆင်နေကြောင်း The Times of India သတင်းစာက ယခုလ အစောပိုင်းတွင် ဖော်ပြခဲ့သည်။
မိုဒီသည် သြဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၁ ရက်အထိ ပြုလုပ်မည့် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (SCO) ညီလာခံကို တက်ရောက်မည်ဟု ဆိုသည်။
SCO ညီလာခံကို ရုရှားသမ္မတ ပူတင် (Vladimir Putin) လည်း တက်ရောက်မည်ဖြစ်သည်။
မိုဒီသည် ထိုညီလာခံတွင် တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) နှင့်လည်း သီးသန့်တွေဆုံရန် စီစဉ်ထားကြောင်း သတင်းများ ထွက်ပေါ်နေသည်။
Source: South China Morning Post