CNI International Article
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၈
ပထဝီနိုင်ငံရေး တင်းမာမှုများသည် ကမ္ဘာလုံးဆိုင်ရာ ပါဝါဗဟိုချက်များကို ဦးတည်ချက် ပြောင်းလဲနေချိန်တွင် ရုရှား၊ အိန္ဒိယနှင့် တရုတ် (RIC)၏ သုံးပွင့်ဆိုင်ဖိုရမ်သည် သံတမန်ရေးရာ အကျိုးစီးပွားများအတွက် အဓိက ကျသည့် နေရာမှ ပါဝင်လာခဲ့သည်။
ထိုသုံးပွင့်ဆိုင် အဖွဲ့ကို ပြန်လည် အသက်သွင်းရေးအတွက် ရုရှားက အကောင်းမြင်စိတ်ရှိကြောင်း ဖော်ပြနေပြီး တရုတ်ကလည်း ထိုအိုင်ဒီယာကို ထောက်ခံပုံ ပေါ်နေချိန်တွင် အိန္ဒိယသည် အခြေအနေကို ဂရုတစိုက် လေ့လာ စောင့်ကြည့်နေသည်။
ဝင်ရိုးစုံကမ္ဘာ ထူထောင်ရာတွင် ခြင်္သေ့(အိန္ဒိယ)၊ နဂါး(တရုတ်) နှင့် ဝက်ဝံ(ရုရှား) တို့သည် နောက်တစ်ကြိမ် အတူတကွ ဟန်ချက်ညီညီ ဆောင်ရွက်နိုင်မည်လောဆိုသည့် မေးခွန်းလည်း ထွက်ပေါ်လာခဲ့သည်။
ရုရှားအတွက် RIC ကို အသက်ပြန်သွင်းခြင်းသည် မဟာဗျူဟာမြောက် ရည်ရွယ်ချက်ရှိသည်။
ယူကရိန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့သည့် စစ်ပွဲကြောင့် အနောက်နိုင်ငံများ၏ ဖယ်ကြဉ်မှုနှင့် ပိတ်ဆို့မှုများ ချမှတ်ခံခဲ့ရသည့် ရုရှားသည် နိုင်ငံတကာ အခင်းအကျင်းတွင် အရေးကြီးသည့်နေရာမှ ဆက်လက် ပါဝင်နိုင်ရန် အာရှမိတ်ဖက်နိုင်ငံများအပေါ် ပိုမိုမှီခိုလာခဲ့သည်။
အိန္ဒိယနဲ့တရုတ် စစ်ရေးတင်းမာမှုကို ပြသထားစဉ်
ဇွန်လက RIC ကို ပြန်လည်ဆန်းသစ်စေရန် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေ လာဗရော့ဗ် (Sergey Lavrov) ၏ တိုက်တွန်းချက်အရ RIC သည် ရုရှား၏ မရှိမဖြစ် အရေးပါသည့် အစီအစဉ်တစ်ခုအဖြစ် ထင်ဟပ်စေခဲ့သည်။
RIC ကြောင့် ရုရှားသည် အနောက်နိုင်ငံများမပါဘဲ ကျန်ကမ္ဘာ့နိုင်ငံများနှင့် အင်အားစုဖွဲ့စည်းနိုင်မည်ဖြစ်ပြီး BRICS အဖွဲ့ကိုလည်း ပိုမိုအားကောင်းစေမည်ဖြစ်သည်။
RIC ကို သွေးသစ်လောင်းခြင်းဖြင့် ရုရှားအတွက် အကျိုးအမြတ်များစွာ ရရှိမည်ဖြစ်ပြီး ယူရေးရှားတိုက်တွင် ၎င်း၏ ဩဇာလွှမ်းမိုးမှုကို ဆက်လက် ထိန်းသိမ်းထားနိုင်မည်ဖြစ်သည်။
တရုတ်ကလည်း RIC ကို ပြန်လည်ဖော်ဆောင်ရေး အိုင်ဒီယာကို ထောက်ခံမှုသည် ဟန်ပြသက်သက်ကြောင့် မဟုတ်ဘဲ ယုတ္တိကျသည့် အချက်အလက်များအပေါ် အခြေခံခြင်းကြောင့် ဖြစ်သည်။
RIC နှင့်ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်များ၏ မေးမြန်းခြင်းကို ခံခဲ့ရချိန်တွင် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ လင်ကျန်း (Lin Jian) က တရုတ်-ရုရှား-အိန္ဒိယ ပူးပေါင်း ဆောင်ရွက်မှုသည် ဒေသတွင်း တည်ငြိမ်ရေးအတွက် အလွန်အရေးကြီးကြောင်း ဖြေကြားခဲ့သည်။
မည်သို့ပင်ဆိုစေ တရုတ်သည် တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်(PLA)၏ အဆင့်မြှင့်တင်ရေး ရည်မှန်း ချက်များ အပါအဝင် ထိုင်ဝမ်နှင့်ပတ်သက်သည့် အရေးကိစ္စများကို အာရုံစိုက်ထားသည်။
ရုရှားနဲ့ယူကရိန်း စစ်ပွဲရှေ့တန်း တစ်နေရာကိုတွေ့ရစဉ်
ထို့ပြင် တရုတ်နှင့် အိန္ဒိယစစ်သားများကြား ၂၀၂၀ ပြည့်နှစ်က ဂေါ်ဝန်တောင်ကြား (Galwan Valley) ဒေသ၌ ပြင်းထန်စွာ ခိုက်ရန် ဖြစ်ပွားခဲ့ပြီးနောက် အိန္ဒိယနှင့် ဆက်ဆံရေး တင်းမာခဲ့သဖြင့် အိန္ဒိယနယ်စပ်တွင် တည်ငြိမ်မှု ရရှိရန်လည်း ကြိုးပမ်းနေသည်။
သို့သော် ထိုကဲ့သို့ တင်းမာမှုများ ရှိနေသည့်တိုင် တရုတ်နှင့် အိန္ဒိယတို့သည် ကြီးမားသည့် ကုန်သွယ်ဖက်နိုင်ငံ များအဖြစ် ဆက်လက် တည်ရှိနေသည်။
၂၀၂၄ ခုနှစ်က အိန္ဒိယနှင့်တရုတ်ကြား ကုန်သွယ်မှု တန်ဖိုး ဒေါ်လာ ၁၃၆ ဘီလျံရှိခဲ့သည်။
ထို့ပြင် ယူကရိန်းစစ်ပွဲ စတင် ဖြစ်ပွားခဲ့ပြီးနောက် ရုရှားသည် ရေနံများကို လျှော့စျေးဖြင့် ရောင်းချခဲ့၍ အိန္ဒိယနှင့် ရုရှားကြား ကုန်သွယ်မှုတန်ဖိုးသည် ၂၀၂၃-၂၀၂၄ ခုနှစ်အတွင်း ဒေါ်လာ ၆၅ ဘီလျံရှိခဲ့သည်။
တရုတ်နှင့် ရုရှားကြား ကုန်သွယ်မှု တန်ဖိုးမှာလည်း ၂၀၂၄ ခုနှစ်က ဒေါ်လာ ၂၄၄ ဒသမ ၈ ဘီလျံရှိခဲ့သည်ဟု အမေရိကန် ကျွမ်းကျင်ပညာရှင် အဖွဲ့ဖြစ်သည့် CFR က ထုတ်ပြန်ခဲ့သည်။
ဒေသတွင်း တည်ငြိမ်ရေးတွင်လည်း ထိုသုံးနိုင်ငံစလုံးသည် ဗဟိုအာရှနှင့် တောင်အာရှဒေသတွင် အစ္စလာမ်မစ် အစွန်းရောက်မှုကို ဆန့်ကျင်ခဲ့ကြသည်။
၎င်း ၃ နိုင်ငံသည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) အတွင်းတွင်လည်း အကြမ်းဖက်မှုနှင့် မူးယစ် ဆေးဝါး မှောင်ခိုကူးမှုကို တိုက်ဖျက်ရန် ပူးပေါင်းဆောင်ရွက်နေသည်။
မည်သို့ပင်ဆိုစေ အိန္ဒိယ၏ မဟာဗျူဟာအချို့က RIC ပြန်လည် ဆန်းသစ်ရေးအတွက် စိန်ခေါ်မှုများ ဖြစ်စေမည် ဖြစ်သည်။
အထူးသဖြင့် အိန္ဒိယသည် အမေရိကန်၊ ဂျပန်နှင့် ဩစတြေးလျ နိုင်ငံတို့နှင့်အတူ ဖွဲ့စည်းထားသည့် Quad အဖွဲ့ထဲ တွင် ပါဝင်နေသည်။ ထိုအဖွဲ့သည် တရုတ်ကို တန်ပြန်ရန် ဖွဲ့စည်းထားသည့် အဖွဲ့အဖြစ် ယူဆခံထားရသည်။
Quad အဖွဲ့ အစည်းအဝေး ကျင်းပနေစဉ်
ထို့ပြင် အိန္ဒိယသည် အမေရိကန်နှင့်လည်း ကာကွယ်ရေး ဆက်ဆံရေး နက်ရှိုင်းခဲ့သည်။
အချုပ်ဆိုရပါမူ ရုရှား၊ အိန္ဒိယနှင့် တရုတ်တို့သည့် အာရှဒေသကို တည်ငြိမ်စေရန်အတွက် အကန့်အသတ်ရှိသည့် ပူးပေါင်းဆောင်ရွက်ရေး နည်းလမ်းတစ်ခု ရှာဖွေနိုင်မည်ဖြစ်သည်။
အထူးသဖြင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ စွမ်းအင်နှင့် ကုန်သွယ်ရေး၊ ကမ္ဘာလုံးဆိုင်ရာ အရေးကိစ္စများတွင် အနောက်နိုင်ငံများ၏ လွှမ်းမိုးမှုတို့ကို လျှော့ချရေးတို့ဖြစ်သည်။
သို့သော် မဟာဗျူဟာမြောက် ယုံကြည်မှု ပျက်ယွင်းသည့် ကိစ္စများလည်း ရှိနိုင်သည်။ အထူးသဖြင့် အိန္ဒိယနှင့် တရုတ်ကြားတွင် ထိုပြဿနာရှိနေနိုင်သည်။
ထို့ပြင် ရုရှားကလည်း တရုတ်အပေါ် မှီခိုမှု မြင့်တက်နေခြင်းသည် RIC အတွက် အဟန့်အတားများဖြစ်သည်။
ထို့ကြောင့် အိန္ဒိယ၊ တရုတ်နှင့် ရုရှားကြား မဟာဗျူဟာမြောက် မဟာမိတ်များထက် နည်ဗျူဟာမြောက် မိတ်ဖက်နိုင်ငံများအဖြစ် အာရှဒေသ တည်ငြိမ်ရေးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်သည်။
Source: Nikkei Asia