CNI International News

ပန်နာဂျီ၊ မေလ ၆

တရုတ်နှင့် ရုရှားတို့ ဦးဆောင်သည့် နိုင်ငံများအဖွဲ့တစ်ခုမှ နိုင်ငံခြားရေးဝန်ကြီးများသည် အိန္ဒိယနိုင်ငံ ဂိုအာ (Goa) ပြည်နယ်တွင် သောကြာနေ့က တွေ့ဆုံခဲ့သည်ဟု AP သတင်းတွင် ဖော်ပြထားသည်။

ထိုတွေ့ဆုံမှုတွင် နိုင်ငံခြားရေးဝန်ကြီးများသည် ဒေသတွင်း လုံခြုံရေး၊ အကြမ်းဖက်ဝါဒ တိုက်ဖြတ်ရေးနှင့် စီးပွားရေး၊ ယဉ်ကျေးမှုဆိုင်ရာ ဆက်သွယ်မှုများ ခိုင်မာစေရေးတို့ကို ဆွေးနွေးမည်ဟု ယူဆရသည်။

ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ၏ အဖွင့် အခမ်းအနားတွင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆပ်ရာမန် ယမ် ဂျိုင်ရှန်ကာ (Subhramanyam Jaishankar)က ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းများ၏ ကိုဗစ်ရောဂါ ပျံ့နှံ့မှု အပေါ် တုန့်ပြန်မှု၊ ပထဝီ နိုင်ငံရေး ဆိုင်ရာ မကျေလည်မှုများအပေါ် ဖြေရှင်းမှု စွမ်းရည်တို့ကို ဝေဖန်ခဲ့သည်။

ထို့နောက် SCO ကဲ့သို့ ဖိုရမ်များသည် ထိုကဲ့သို့သော စိန်ခေါ်မှုများကို ဖြေရှင်းရေး အထောက်အကူ ဖြစ်မည့် အခွင့်အရေးကို ဖြစ်စေသည်ဟု ၎င်းက ပြောသည်။

SCO အဖွဲ့တွင် တရုတ်၊ ရုရှားတို့အပြင် တခြားသော အာရှနိုင်ငံများ ပါဝင်သည်။

အိန္ဒိယမှာ ကျင်းပနေသည့် SCO ဖိုရမ် တက်ရောက်လာသည့် သံတမန်များကိုတွေ့ရစဉ်

ထိုကဲ့သို့သော အခြေအနေများသည် စွမ်းအင်၊ အစားအစာ၊ မြေသြဇာတို့ ပါဝင်သော ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ ရေး လမ်းကြောင်းများကို ထိခိုက်စေကာ ဖွံ့ဖြိုးဆဲနိုင်ငံများက ယင်းဒဏ်ကို ပိုခံရသည်ဟု အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးက ပြောသည်။

ဖော်ပြပါ ပဋိပက္ခများသည် ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းများ၏ စိန်ခေါ်မှုများကို အချိနှင့်တပြေးညီ ထိရောက်စွာ ကိုင်တွယ် ဖြေရှင်းနိုင်မှု စွမ်းရည်အပေါ် ယုံကြည်မှု ကျဆင်းစေသည်ဟု ၎င်းက ပြောသည်။

ကမ္ဘာ့လူဦးရေ၏ ၄၀ ရာခိုင်နှုန်းကျော်သည် SCO အဖွဲ့ဝင် နိုင်ငံများတွင်ရှိကာ အဖွဲ့၏ စုပေါင်း ဆုံးဖြတ်ချက်များ သည် ကမ္ဘာကြီးအပေါ် သေချာပေါက် သက်ရောက်မှု ရှိစေမည်ဟုလည်း ဂျိုင်ရှန်ကာက ပြောသည်။

ဖွင့်ပွဲမှတ်ချက်စကားတွင် ဂျိုင်ရှန်ကာသည် ရုရှား၏ ယူကရိန်းစစ်ပွဲနှင့် ပတ်သက်၍ ထုတ်ပြန် ပြောဆိုခဲ့ခြင်း မရှိသကဲ့သို့ ရုရှားသည် အဖွဲ့အတွင်း ဝေဖန်မှုများနှင့် ကြုံတွေ့ရနိုင်ခြေ မရှိဘဲ ယခုတွေ့ဆုံပွဲကို ၎င်းတို့၏ ဒေသတွင်း သြဇာသက်ရောက်မှုအတွက် အသုံးချသွားဖွယ် ရှိသည်ဟု လေ့လာသူများက ပြောသည်။

SCO အဖွဲ့ကို ၂၀၀၁ ခုနှစ်တွင် တရုတ်နှင့်ရုရှားတို့က ဖွဲ့စည်းခဲ့ခြင်းဖြစ်ကာ ယင်းတွင် ဗဟိုအာရှနိုင်ငံများဖြစ်သော ကာဇတ်စတန်၊ ကာဂျစ်စတန်၊ တာဂျစ်ကစ္စတန်၊ ဥဇဘတ်ကစ္စတန်တို့ ပါဝင်ခဲ့သည်။

အိန္ဒိယနှင့် ပါကစ္စတန်တို့သည် ၂၀၁၇ ခုနှစ်တွင် အဖွဲ့ဝင်အဖြစ် ပူးပေါင်းခဲ့ကာ အီရန်သည် ယခုနှစ် နှောင်းပိုင်းတွင် ပူးပေါင်းမည်ဟု ယူဆရသည်။

CSO ဖိုရမ်ကျင်းပနေစဉ်

အကြမ်းဖက်မှုအား တိုက်ဖြတ်ရန် လိုအပ်မှုကိုလည်း ဂျိုင်ရှန်ကာက အလေးအနက်ထား ပြောဆိုခဲ့ကာ နယ်စပ် ဖြတ်ကျော် အကြမ်းဖက်မှုများကို တားဆီးရမည်ဟု ဆိုသည်။

ယင်းက အစဉ်အလာ ပြိုင်ဘက် ပါကစ္စတန်ကို ရည်ညွှန်း ပြောဆိုသည့်သဘော ဖြစ်သည်။

သောကြာနေ့ အစည်းအဝေးကို ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးလည်း တက်ရောက်ခဲ့ပြီး ယင်းက ဆယ်စုနှစ် တစ်ခု နီးပါးတာကာလအတွင်း အိန္ဒိယသို့ ပါကစ္စတန်၏ ထိပ်တန်းအရာရှိ တစ်ဦး ပထမဆုံး ရောက်ရှိ လာမှုလည်း ဖြစ်သည်။

ပါကစ္စတန်သည် အိန္ဒိယထိန်းချုပ်ရာ ကတ်ရှ်မီးယား (Kashmir) ဒေသရှိ သောင်းကျန်းသူ အဖွဲ့များကို လက်နက် ထောက်ပံ့ခြင်း၊ လေ့ကျင့်ပေးခြင်းတို့ လုပ်ဆောင်နေသည်ဟု အိန္ဒိယဘက်က စွပ်စွဲထားသော်လည်း ပါကစ္စတန် ဘက်က ယင်းကို ငြင်းဆိုသည်။

သောကြာနေ့ အစည်းအဝေး မတိုင်ခင် အိန္ဒိယဝန်ကြီးသည် တရုတ်နှင့် ရုရှားတို့မှ နိုင်ငံခြားရေးဝန်ကြီးများနှင့် ကြာသပတေးနေ့တွင် တွေ့ဆုံခဲ့သည်။

ထိုတွေ့ဆုံမှုသည် အိန္ဒိယနှင့်တရုတ်တို့အကြား မတည်မငြိမ်ဖြစ်နေသော နယ်စပ်အရေးနှင့် ပတ်သက်၍ တင်းမာမှုများ ရှိနေချိန်တွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

Source: AP