CNI International News

ပါနာဂျီ၊ မေလ ၆

အမေရိကန်သည် အာဖဂန်အရေးတွင် ဝင်ရောက်စွက်ဖက်ရန် ထပ်မံကြိုးပမ်းနေကြောင်း၊ ယင်းနှင့်ပတ်သတ်၍ ခိုင်မာသည့် သက်သေအထောက်အထားရှိကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေ လာဗရော့ဗ်(Sergey Lavrov) က သောကြာနေ့တွင် ပြောသည်ဟု တာ့စ်သတင်းတွင် ဖော်ပြသည်။

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (Shanghai Cooperation Organization)၏ အဖွဲ့ဝင်နိုင်ငံများနှင့် တွေ့ဆုံပြီး နောက်တွင် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

SCO-အာဖဂန်အဖွဲ့ကို စတင်အသက်သွင်းရန် ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်နိုင်လိမ့်မည်ဟု မျှော်လင့် ကြောင်းလည်း ၎င်းကပြောသည်။ လက်ရှိအခြေအနေအရ မြန်ဆန်သော လုပ်ဆောင်ချက်များ ချမှတ်ဆောင်ရွက် ရန် လိုအပ်သည်ဟုလည်း ၎င်းက အခိုင်အမာပြောသည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေ လာဗရော့ဗ်(ဓါတ်ပုံ-တာ့စ်သတင်းဌာန)

ထိုသို့ဖြစ်ရခြင်းမှာ အမေရိကန်အနေဖြင့် အာဖဂန်အရေးကိစ္စများတွင် နောက်ထပ်ထပ်မံစွက်ဖက်ရန် ကြိုးစား နေခြင်းကြောင့်ဖြစ်သည်ဟု ရုရှားဝန်ကြီးက ပြောသည်။ အာဖဂန်မြေပေါ်တွင် ရှိနေဆဲဖြစ်သည့် အကြမ်းဖက်အဖွဲ့ များကို အမေရိကန်က ထောက်ပံ့နေသည်ဆိုသည်နှင့် တာလီဘန်များကို ဆန့်ကျင်နေသည်ဆိုသည့် ခိုင်မာသော သက်သေလည်းရှိသည်ဟု ၎င်းကပြောသည်။

၂၀၁၉ ခုနှစ်က အာဖဂန်နစ္စတန်နိုင်ငံ၊ Herat တွင် အာဖဂန်စစ်တပ်အတွက် လေ့ကျင့်ရေးသင်တန်း တက်ရောက်နေသည့် အမေရိကန်စစ်သားများကို တွေ့ရစဉ်(ဓါတ်ပုံ-EPA)

အမေရိကန်တို့သည် အာဖဂန်အနီးနှင့် ဗဟိုအာရှဒေသတို့ရှိ ၎င်းတို့၏ စစ်ဘက်ဆိုင်ရာ အခြေခံ အဆောက်အဦ များကို ထပ်မံဖြည့်တင်းရန် ကြိုးပမ်းမှုကို မစွန့်လွှတ်သေးဟုလည်း ၎င်း၏ပြောဆိုမှုတွင် ပါဝင်သည်။

ထို လုပ်ဆောင်ချက်များကြောင့် ဖြစ်ပေါ်လာမည့် ပြင်းထန်သောအန္တရာယ်ကို အားလုံးက သတိပြုမိထားသည်ဟု လာဗရော့ဗ်က ပြောကာ ရုရှားအနေဖြင့် ယင်းတို့ကို ပြင်းထန်စွာ ဆန့်ကျင်သွားမည်ဟု ဆိုသည်။

Source:တာ့စ်သတင်းဌာန