CNI International News

နယူးဒေလီ၊ ဇွန်လ ၁၈

အစ္စရေး-အီရန်စစ်ပွဲအပေါ် ရပ်တည်ချက်နှင့်ပတ်သက်ပြီး အိန္ဒိယသည် တရုတ်၊ ရုရှားတို့နှင့် ခွဲထွက်နေသည်ဟု Asia Times မှ ဖော်ပြခဲ့သည်။

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်အရေးအဖွဲ့ (SCO)က အီရန်ကို တိုက်ခိုက်ခဲ့သည့် အစ္စရေးအား ရှုတ်ချကြောင်း ဇွန်လ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သော်လည်း အိန္ဒိယက ပါဝင်ဆွေးနွေးခဲ့ခြင်းမရှိကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန က အတည်ပြုခဲ့သည်။

SCO ၏ ထုတ်ပြန်ချက်တွင် မည်သည့်အချက်ကိုမှ ဝင်ရောက် မပြောဆိုခဲ့ခြင်းသည် ပါကစ္စတန် အပါအဝင် အဖွဲ့ဝင် နိုင်ငံများနှင့် အိန္ဒိယကြား သဘောထားချင်း မတိုက်ဆိုင်သည့် အရိပ်လက္ခဏာတစ်ခု ဖြစ်သည်။

SCO ကို ဆိုဗီယက်ယူနီယံ ပြိုကွဲပြီးနောက် တရုတ်နှင့် ဆိုဗီယက်နိုင်ငံဟောင်းများကြား နယ်စပ်ဒေသ ပြဿနာ များကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် ဖွဲ့စည်းထူထောင်ခဲ့ခြင်းဖြစ်သည်။

၂၀၁၅ ခုနှစ်တွင် SCO ၌ အိန္ဒိယနှင့် ပါကစ္စတန်တို့ ပါဝင်လာခဲ့ပြီးနောက် စီးပွားရေးနှင့် အခြားနယ်ပယ်ကဏ္ဍ အသီးသီး၌ ပူးပေါင်းဆောင်ရွက်မှုများကို ချဲ့ထွင်ခဲ့သည်။

ထို့နောက် အီရန်သည် ၂၀၂၃ ခုနှစ်တွင် SCO အဖွဲ့ဝင်သစ် ဖြစ်လာခဲ့သည်။

 အိန္ဒိယရဲ့ ထုတ်ပြန်ချက်ကို တွေ့ရစဉ်

SCO ပဋိညာဉ် စာတမ်း၏ အပိုဒ်ခွဲ ၁၆ တွင် SCO အဖွဲ့ဝင်များသည် အကြောင်းအရာ တစ်ခုအတွက် မဲပေးခြင်း မပြုဘဲ သဘောတူညီချက်ဖြင့် ဆုံးဖြတ်ချက် ချမည်ဆိုပါက ကန့်ကွက်သူမရှိလျှင် သဘောတူညီချက်ကို အတည် ပြုနိုင်ကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် လက်ရှိတွင် အိန္ဒိယက အစ္စရေး-အီရန် စစ်ပွဲနှင့်ပတ်သက်ပြီး SCO ၏ ထုတ်ပြန်ချက်၌  ပါဝင် ဆွေးနွေးခဲ့ခြင်း မရှိကြောင်း ထုတ်ဖော် ပြောကြားခဲ့ခြင်းသည် SCO ထုတ်ပြန်ချက်နှင့် အိန္ဒိယကြား ပတ်သက်မှု မရှိကြောင်း ဖော်ပြရာ ရောက်ခဲ့သည်။

ထိုအခြေအနေက အိန္ဒိယကို SCO နှင့် ပိုမို ဝေးကွာသွားစေနိုင်သည့် အနေအထားသို့ ရောက်ရှိသွားနိုင်သည်။

အီရန်၊ တရုတ်၊ ရုရှားနဲ့ အိန္ဒိယ အလံများကို တွေ့ရစဉ်

SCO ကို တရုတ်က ပိုမိုလွှမ်းမိုးလာနိုင်မည့် အခြေအနေမျိုးတွင် အိန္ဒိယသည် SCO မှ နုတ်ထွက်မည်လော သို့မဟုတ် အဖွဲ့ဝင်အဖြစ် ဆက်ရှိနေမည်လောဆိုသည့် မေးခွန်းများကို ကောက်ချက်ချရန် အချိန်စောလွန်း နေသေးသည်။

အိန္ဒိယဘက်မှကြည့်လျှင် တရုတ်သည် အိန္ဒိယနှင့် နောက်တစ်ကြိမ် နယ်စပ်ဒေသပဋိပက္ခ ဖြစ်လာခဲ့မည်ဆိုပါက ရုရှားအပေါ် ဩဇာလွှမ်းမိုးမှုကို ခြေကုပ်ယူလာနိုင်မည့် အရေးကို စိုးရိမ်နေသည်။

ထိုအခြေအနေမျိုးတွင် တရုတ်က ရုရှားအား အိန္ဒိယကို လက်နက်များ မရောင်းရန် တားမြစ်ပိတ်ပင်လာခဲ့ မည်ဆိုပါက အိန္ဒိယအတွက် ကြီးမားသည့် အမျိုးသားလုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှု ဖြစ်လာမည်ဖြစ်သည်။

Source: Asia Times