CNI News

၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၈

မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် လူနည်းစုဖြစ်ကြသည့် တိုင်းရင်းသားများ၏ကဏ္ဍကို ဆက်လက်၍ သေးသိမ် အောင် လုပ်နေမည်ဆိုပါက တိုင်းပြည်သည် ထိန်းမနိုင်သိမ်းမရ ဖြစ်သွားမည်ဟု ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။

ဖက်ဒရယ်စနစ်ကို သွားမည်ဟု သဘောတူခဲ့ကြသော်လည်း လက်တွေ့တွင် တစ်ပြည်ထောင်စနစ် လုပ်ခဲ့ကြ ကြောင်း၊ လက်ရှိတွင် တစ်ပြည်ထောင်စနစ်အစား ဖက်ဒရယ်စနစ်ကို ပြန်လည်တည်ဆောက်မည်ဆိုသော်လည်း ဗဟိုတွင် ပို၍အာဏာရှိရမည်ဟုဆိုကာ လုပ်ဆောင်နေကြောင်း၊ ယခုကဲ့သို့ တစ်ဖက်သတ် လုပ်နေမည်ဆိုပါက မြန်မာနိုင်ငံသည် မည်သည့်အခါမှ ငြိမ်းချမ်းမှာမဟုတ်ကြောင်း ၎င်းက ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် ဒို့တာဝန်အရေး (၃) ပါးကိုသာ သီးသန့်ထားကာ ပင်လုံကို လျစ်လျူရှုပြီး အမည်ပဲ ယူထား မည်ဆိုပါက နိုင်ငံရေးသည် ယခုထက် ပို၍ရှုပ်ထွေးသွားမည်ဟု ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေ သူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အရင်တုန်းက ကျနော်တို့နိုင်ငံက ရောဂါမရှိတဲ့ နိုင်ငံဖြစ်တယ်။ ရောဂါမရှိတဲ့ဟာကို တစ်ခါတည်း ဆေး လာပေးတာက မှားတဲ့‌ဆေးကြီး လာပေးတော့ အနာတခြား၊ ဆေးတခြား။ ကျနော်တို့လိုတာ ဖက်ဒရယ်ဆေးကြီး၊ လာပေးတာက တစ်ပြည်ထောင်ဆေးဖြစ်တဲ့ အခါကြတော့ အနာက မပျောက်ဘဲ ပိုဆိုးလာတယ်။ ပိုဆိုးလာလေ တစ်ပြည်ထောင်ဆေးကို ပေးလေဆိုတဲ့ အခါကြတော့ ရောဂါက ဆိုးသထက်ပိုဆိုးလာတာ အခုထိပေါ့။ အခု အခြေအနေမှာတော့ ပင်လုံလောက်နဲ့ပဲ ကုစားလို့ မရတော့ဘူး။ ခွဲစိတ်ကုသတဲ့ အဆင့်ထိတောင် ရောက်လာနိုင် တယ်။ ဒါကို ကျနော်တို့အားလုံးက သဘောထားကြီးကြီးနဲ့ မလုပ်ဘူးဆိုရင် ကျနော်တို့က အနာတခြား၊ ဆေး တခြား ဆက်လုပ်မယ်ဆိုရင် ဒီလူနည်းစုဖြစ်တဲ့ တိုင်းရင်းသားတွေကဏ္ဍကို ဆက်လက်ပြီးတော့မှ သေးသိမ်အောင် လုပ်မယ်ဆိုရင် တိုင်းပြည်ဟာ နောက်ဆုံးတော့ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားမယ်။ သူများနိုင်ငံအောက် ရောက်သွား မယ်။ ဒီလိုရောက်သွားမယ်ဆိုရင် ဘယ်သူ့အပြစ်မှ မဟုတ်ဘူး။ ကျနော်တို့ အားလုံးရဲ့ အပြစ်ပဲ။ အနာတခြား၊ ဆေး တခြားလုပ်ခဲ့တဲ့အပြစ်ပဲ” ဟု ပြောသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲ-၂၀၂၅ ကို ကျင်းပခဲ့ကြစဉ်

ပင်လုံစာချုပ်ကို ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် လက်မှတ် ရေးထိုးခဲ့ကြပြီး မြန်မာအစိုးရက အစောပိုင်း၌ ပင်လုံစာချုပ်ပါအချက်ကို လိုက်နာခဲ့သော်လည်း နောက်ပိုင်းမှာတော့ ပင်လုံစာချုပ်၏ အခြေခံမူ လမ်းစဉ်ကို သွေဖယ်လာကြောင်း နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

တိုင်းရင်းသားများသည် လူနည်းစုများဖြစ်ကြသော်လည်း မြန်မာနိုင်ငံ၏ ဧရိယာထက်ဝက်ကျော်တွင် နေထိုင် လျက် ရှိကြသည်။

တိုင်းရင်းသားများ၏ အခန်းကဏ္ဍသည် လွတ်လပ်ရေး မရခင်ကာလကတည်းက မြန်မာ့နိုင်ငံရေးတွင် အရေးပါခဲ့ ကြခြင်းဖြစ်ကာ လက်ရှိ ၄ နှစ်ကျော်ကြာ မြန်မာ့နိုင်ငံရေးတွင်လည်း စစ်ရေးအရသာမက နိုင်ငံရေးတွင်လည်း အရေးပါကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

တိုင်းရင်းသားပါတီများထဲမှ တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များ လွှတ်တော်ထဲ ပိုမို ဝင်ရောက်နိုင်ပါက တိုင်းရင်းသားအရေးကို ပိုမိုဆွေးနွေး၍ ရမည်ဖြစ်ကြောင်း တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီ(TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

တိုင်းရင်းသားလူမျိုးစုများကိုတွေ့ရစဉ်

၎င်းက “ဥပမာအနေနဲ့ ပြောရမယ်ဆိုရင်တော့ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စပေါ့။ တကယ်လို့ တိုင်းရင်းသားပါတီက လွှတ်တော်ကိုယ်စားလှယ် ရောက်သွားရင် တိုင်းရင်းသားအရေးနဲ့ ပတ်သက်ပြီး ပြောကြဆိုကြလို့ လွှတ်တော်မှာ အောင်မြင်ခဲ့ပြီဆိုရင်တော့ လက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း သူတို့စဉ်းစားလာပါလိမ့်မယ်။ လက်နက်ကိုင် ပြီးတော်လှန်တာ ထိရောက်သလား၊ လွှတ်‌တော်နိုင်ငံရေးက ထိရောက်သလားဆိုတဲ့ဟာမျိုးပေါ့။ လွှတ်တော် နိုင်ငံရေးအရ ပုဒ်မ ၂၆၁ လိုမျိုး နိုင်ငံတော်အစိုးရနေပြီးမှ ဖြေလျှော့ပေးလိုက်မယ်၊ ပြည်ထောင်စုအစိုးရ ဖြေလျှော့ ပေး လိုက်မယ်၊ ပြည်နယ်ဝန်ကြီးချုပ်ကို ပြည်နယ်လွှတ်‌တော်က ရွေးချယ်ရမယ်၊ သမ္မတက အတည်ပြုရမယ်။ အဲဒါ မျိုးလေးတွေနဲ့ လွှတ်တော်မှာ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စတွေကအစ အားကောင်းမောင်းသန်နဲ့ ပြင်ကြမယ် ဆိုကြမယ်ဆိုရင် ပြင်လည်းပြင်ခဲ့ကြပြီဆိုရင် မြန်မာ့နိုင်ငံရေးကတော့ တော်တော်လေး ကောင်းလာမယ်လို့ မျှော်လင့်ပါတယ်။ တိုင်းရင်းသားတွေက သူတို့အခွင့်အရေးအတွက် သူတို့ စစ်တိုက်နေကြတာလေ” ဟု ပြော သည်။

လက်ရှိတွင် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား မြန်မာနိုင်ငံတစ်ဝှမ်း တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသော်လည်း ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုများကို NCA လက်မှတ်ရေးထားသည့် အဖွဲ့များနှင့်သာ ပြုလုပ်နေသည်ကို တွေ့ရသည်။

သို့သော်လည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများနှင့် နိုင်ငံရေးဆွေးနွေးပွဲများသည် ဟန်ပြသက်သက်သာဖြစ်နေပြီး မြန်မာ့နိုင်ငံရေးကို ဖြေရှင်းနိုင်မည့် သဘောတူညီချက်များကို ရအောင် မယူနိုင်ကြောင်း၊ ပါဝင်သင့် ပါဝင်ထိုက်သူ များ ပါဝင်မှုမရှိသည့်အတွက် ဆွေးနွေးမှုများသည် ကိုယ်စားပြုမှုမရှိကြောင်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက ထောက်ပြကြသည်။ 

ထို့ပြင် တိုင်းရင်းသား လက်နက်ကိုင်များသည် ၂၀၁၁ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ဖက်ဒရယ်နှင့်ဒီမိုကရေစီကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး တောင်းဆို ဆွေးနွေးခဲ့ကြသော်လည်း ၂၀၂၁ ခုနှစ်နောက်ပိုင်း မြန်မာ့နိုင်ငံရေး အခင်းအကျင်း ပြောင်းလဲလာသည့်အခါမှာတော့ ကွန်ဖက်ဒရေးရှင်း သို့မဟုတ် နိုင်ငံထူထောင်ရေး ဆိုသော အဆင့်အတန်းထိ မျှော်မှန်း၍ တောင်းဆိုတိုက်ပွဲဝင်လာနေကြသည်။

လက်ရှိတွင် နစကဥက္ကဋ္ဌ အနေဖြင့် ၄ နှစ်ကျော်ကြပြီးနောက် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ တို့တွင် ရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်နေသည်။