CNI New

၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၈

မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို တွေ့ဆုံဆွေးနွေးခြင်း နည်းလမ်းဖြင့် အဖြေရှာရမည်ဟု ပြည်တွင်း/ပြည်ပ ပြောဆိုနေသည့်တိုင် မြန်မာ့တပ်မတော်ဘက်က နစကကိုယ်စားပြုထားသော်လည်း ၎င်း၏ ဆွေးနွေးဘက်က မည်သူဖြစ်သလဲဟု မေးခွန်းထုတ်မှုများရှိလာခဲ့သည်။

ဆွေးနွေးညှိနှိုင်းရာတွင် ကိုယ်စားပြုမှု မရှင်းလင်းလျှင် ပို၍ရှုပ်ထွေးသွားနိုင်သည်ဟု NCA ထိုးထားသည့် ပအိုဝ်း အမျိုသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO- NCA/S)မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြော သည်။

၎င်းက “အဲတာကတော့ ကျနော်တို့ NCA လက်မှတ် ထိုးကတည်းကိုက ပေါ်လစီရှိပြီးသားပါ။ ပါဝင်သင့် ပါဝင်ထိုက် သူများ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲကသာ သဘောတူချက်ကသာလျှင် တိုင်းပြည်ကို တွေ့ဆုံဆွေးနွေး နိုင်မယ် ယုံကြည်မှု တည်ဆောက်နိုင်မယ်၊ အဲဒီနိုင်ငံရေး ဆွေးနွေးပွဲကလည်း တစ်ပြိုင်နက်ထဲနဲ့ အားလုံး စုပြုံပြီး တော့ ရည်ရွယ်ချက် မတူဘူး၊ နောက်ခံ background မတူတဲ့ အဖွဲ့တွေပါဖို့က မလွယ်ဘူး။ ဥပမာ တိုင်းရင်းသား တွေက လက်နက်ကိုင်တော်လှန်လာတာ နှစ် ၇၀ ရှိပြီ အဖွဲ့အစည်းတွေရဲ့ သဘောထားနဲ့ လိုချင်နေတာကိုလည်း အားလုံးသိတယ်။ ဒါကြောင့် တိုင်းရင်းသားအဖွဲ့တွေကို ပဏာမညှိနှိုင်းဆွေးနွေးမလား၊ ဥပမာမြောက်ပိုင်း ၇ ဖွဲ့ရှိ တယ်၊ တောင်ပိုင်းမှာလည်း ၇ ဖွဲ့ရှိတယ်၊ အဲလိုအဖွဲ့တွေနဲ့ ဆန့်ကျင်နေတဲ့ အဖွဲ့တွေရှိတယ် မဟာမိတ်ပြုထားတဲ့ အဖွဲ့တွေရှိတယ်။ အဲလိုအဖွဲ့တွေနဲ့ အရင်ညှိမလား ညှိပြီးတော့ ရတဲ့အဆင့် တစ်ခုပေါ်မှာမှ တခြားသော လက်နက် ကိုင် တော်လှန်ရေး အင်အားစုတွေပေါ့။ ဥပမာ NUG အပါအဝင် ကျနော်တို့ PDF အင်အားစုတွေ နာမည်ပေါင်းစုံနဲ့ ပြန့်ကျဲနေတဲ့ လက်နက်ကိုင်တွေ အဲတာတွေ အားလုံးကလည်း တစ်စုတစ်စည်းထဲ မဟုတ်နေတဲ့ အခါကြတော့ ဒီကိုယ်စားပြုမှုမှာ ကျနော်တို့ ပြဿနာရှိနိုင်တယ်။ ကိုယ်စားပြုမှု မရှင်းလင်းရင် ဘယ်သူက ကိုယ်စားပြုတယ် ဘယ်နယ်မြေ၊ ဘယ်အင်အားစုကို ကိုယ်စားပြုတာကို မရှင်းလင်းရင် ပိုပြီးတော့ ရှုပ်ထွေးတာပဲ ဖြစ်တတ်ပါတယ်။ ဝင်ဆွေးနွေးတဲ့ဘက်ကလည်း ကိုယ်စားပြုမှု ခိုင်လုံရမယ်၊ တစ်ဖက်ကလည်း အာမခံချက်ရှိရမယ်။ သဘောတူ ထားပြီးပြီဆိုရင် ကိုယ်သဘောတူထားတဲ့အတိုင်း လိုက်လုပ်နိုင်တဲ့ စွမ်းရည်လည်း ရှိရမယ်ပေါ့လေ။ အဲလိုရှိမှ ကိုယ်စားပြုမှု အားကောင်းကောင်းနဲ့ ဆွေးနွေးပွဲထဲ ပါလာနိုင်မယ်ဆိုတော့ ကိုယ်စားပြုမှု မခိုင်မာရင်တော့ ထည့်လို့တော့ မရသေးဘူး။ ဒီဆွေးနွေးပွဲမှာ အဲလို ကျနော်တွက်ပါတယ်”ဟု ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်များ ညီလာခံကို တွေ့ရစဉ်

မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို တွေ့ဆုံ ဆွေးနွေးကြရန် အာဆီယံ၊ ကုလသမဂ္ဂ၊ အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ ဥရောပသမဂ္ဂတို့က တိုက်တွန်းလျက်ရှိသည်။

သို့သော်လည်း ယနေ့ထိတိုင် မြန်မာ့တပ်မတော်/နစကနှင့် အတိုက်အခံ အင်အားစုများကြား တွေ့ဆုံ ဆွေးနွေးနိုင် ခြင်းမရှိသေးသလို တွေ့ဆုံဆွေးနွေးကြမည့် ကိုယ်စားပြုမှုများကလည်း မရှင်းလင်းဘဲ ဖြစ်နေကြသည်။

၂၀၂၂ ခုနှစ်က အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ဖူးသည့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်သည် မြန်မာနိုင်ငံသို့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလက ရောက်ရှိလာပြီး နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံ၍ မြန်မာ့အရေး ဖြေရှင်းနိုင်ရန် ညှိနှိုင်းဆွေးနွေးခဲ့သော်လည်း ကန့်ကွက်မှုများရှိခဲ့ကြသည်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်လာရောက်၍ မြန်မာ့အရေး ဆွေးနွေးခဲ့မှု ရှိသော်လည်း အာဆီယံသည် နိုင်ငံရေးအားဖြင့် တွေ့ဆုံဆွေးနွေးမှုကို မျက်ကွယ်ပြုနေကြောင်း ရခိုင့်ဦးဆောင်ပါ တီ(AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

Peace Talk 2025 ဆွေးနွေးပွဲကို တွေ့ရစဉ်

၎င်းက “နစက,ကတော့ သူသွားတဲ့လမ်းကြောင်းကို သူသွားမှာပေါ့လေ၊ အဲတော့ ကြောင်နေတာက အာဆီယံဗျ ကမ္ဘောဒီးယားလက်ထက်မှာ အဲလို ထည်ထည်ဝင်ဝင် လာရောက်ပြီး တွေ့ဆုံတာရှိတယ်။ ပရတ်ဆိုခွန်တို့ပေါ့ဗျာ။ ဒုတိယဝန်ကြီးချုပ် သူဦးဆောင်တာ အဲလိုထည်ထည်ဝင်ဝင် တွေ့မှဖြစ်မယ်ဆိုတဲ့ နိုင်ငံရေးအားဖြင့် ဆွေးနွေးမှုဆို တာကို အာဆီယံက မျက်ကွယ်ပြုပါတယ် ။ပထမအကြိမ် တွေ့တယ် အဲဒီမှာ  5 point Consensus ကို ရှာတယ်။ သူတို့ဘက်က အမေရိကန်ရဲ့ ဖိအားအများကြီးပါမှာပေါ့။ ဒါဘက်နှစ်ဘက်ကို စဥ်းစားတဲ့အခါကျတော့ နစကသည် သူသွားမဲ့လမ်းကြောင်းအတိုင်း သွားမှာဘဲ အာဆီယံဘယ်လိုပဲပြောပြော သူလက်ခံတာရှိမယ်၊ သူလက်မခံတာ ရှိမယ် တွေ့ဆုံဆွေးနွေးပွဲကို သူဖွင့်ထားမှာဘဲ အာဆီယံရဲ့ သူကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်ကလာတွေ့ပေါ့ဗျာ။ ဒါပဲရှိမှာ ပေါ့။ အာဆီယံ လုပ်ရမဲ့ဟာတွေ အာဆီယံလုပ် အာဆီယံမလုပ်နိုင်ရင် ASEAN+3 ဒါမျိုးနဲ့ ချဥ်းကပ်ပေါ့ဗျာ။ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ရင် ဘာမှလုပ်ပေးတဲ့ပုံ မပေါက်ဘူး။ တနည်းအားဖြင့် Burma Act နဲ့ မြန်မာ့နိုင်ငံရေး ထဲမှာ proxy ဖြစ်အောင်ပဲ သွေးမြေကျအောင်ပဲ အများကြီးလုပ်ခဲ့တယ်။ ညှိနှိုင်းတာမရှိခဲ့ဘူး။ အဲသလိုပဲ ကုလသမဂ္ဂ ဘာလုပ်ပေးလဲ၊ ဘာလုပ်နိုင်လဲ ဘာမှမလုပ်နိုင်ဘူး ဖြစ်နေတယ်(တဲ့)။ ကမ္ဘာစစ်တွေမှာလည်း ဘာမှ မလုပ်နိုင်ဘူး အသံပဲရှိတာ ပြည်တွင်း အချုပ်အခြာ အာဏာကို ထိဖို့လောက်ပဲ ကုလသမဂ္ဂသည် အာဏာလေး ပြရုံပဲရှိတာ တကယ့်တကယ် နိုင်ငံကြီးတွေနဲ့ ပတ်သက်လို့ ဘာမှလုပ်နိုင်စွမ်းမရှိဘူး။ တစ်ဖက်နိုင်ငံကြီးများရဲ့ စိုးမိုးမှု တိုက်ရိုက်ပတ်သက်နေတယ်၊ အဲဒီ လွှမ်းမိုးမှုကို လျှော့နိုင်မှ ဒီအာဆီယံသည် ပုံမှန်ပေါ့ဗျာ ကျနော်တို့ ဟိုးတုန်းက သွားခဲ့တဲ့လမ်းကြောင်းပေါ့ဗျာ။ အဲဒီ ဥစ္စာကို ပြန်ရောက်မယ်”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က မြန်မာ့တပ်မတော်မှ NLD အစိုးရကို ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းအငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချ၍ နိုင်ငံတော်ကို အရေးပေါ် အခြေအနေ ကြေညာ၍ နစကမှ အုပ်ချုပ်လျက်ရှိနေသည်။

ဒီမိုကရေစီ တောင်းဆို ဆန္ဒပြနေကြစဉ်

ထို့နောက် NLD ခေါင်းဆောင်တချို့နှင့် လွှတ်တော်အမတ်များ အပါအဝင် ဒီမိုကရေစီအင်အားစုများ၊ လက်နက် ကိုင် တပ်ဖွဲ့များ၊ တခြားသော နိုင်ငံရေးပါတီများ ပူးပေါင်း၍ မြန်မာ့တပ်မတော်နှင့် နစက ဖြုတ်ချရေး လက်နက် ကိုင် တော်လှန်လျက်ရှိနေသည်။

အဆိုပါ လက်နက်ကိုင် တော်လှန်ရေးကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်‌ထောင်စုလွှတ်တော်ကိုယ်စား ပြုကော်မတီ(CRPH)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)၊ PDFs၊ LPDFs၊ KIA၊ AA၊ MNDAA၊ TNLA၊ CNF၊ KNU၊ KNPP၊ KNDF တို့ အပါအဝင် တခြားသော လက်နက်ကိုင် အင်အားစုများ စုပေါင်း၍ ဖော်ဆောင်နေကြသည်။

ထို့ကြောင့် မြန်မာ့နိုင်ငံရေးကို တွေ့ဆုံ ဆွေးနွေး၍ အဖြေရှာရမည်ဆိုပါက မြန်မာ့တပ်မတော်ကို နစက,က ကိုယ်စားပြုနိုင်သော်လည်း နစကနှင့် ဆွေးနွေးမည့် အတိုက်အခံများဘက်က မည်သူက ကိုယ်စားပြုနိုင်ပါသလဲ မေးခွန်းထုတ်လျက်ရှိနေသည်။