CNI News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၅
အာဆီယံအနေဖြင့် ခိုင်မာသည့် အဖွဲ့အစည်းတစ်ခု ဖြစ်ဖို့ဆိုလျှင် ၎င်းတို့၏ မူဝါဒများနှင့် ရပ်တည်ချက်များကို ပြန်လည်သုံးသပ်ရန် လိုအပ်သည်ဟု ပြည်သူ့ပါတီ(PP) ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။
အာဆီယံအဖွဲ့ဝင်များ အားလုံး အနေဖြင့် တခြားနိုင်ငံ၏ ပြည်တွင်းရေးမှာ ဝင်ရောက်စွတ်ဖက်ခြင်း မရှိသည့် အခြေခံမှုများကို သတိပြုနိုင်ရန် လိုမည်ဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ပြောကြားထားသည်။
အာဆီယံ အဖွဲ့အစည်းသည် အခြေခံ အယူအဆအားဖြင့် နှစ်ပိုင်း ကွဲထွက်နေသည်ကို မြင်တွေ့ရကြောင်း၊ အာဆီယံ အနေဖြင့် ခိုင်မာသည့် အဖွဲ့အစည်း တစ်ခုဖြစ်ရန်အတွက် စတင်ဖွဲ့စည်းစဥ်က မူဝါဒများ၊ ရပ်တည် ချက်များကို ပြန်လည်သုံးသပ်ရန် လိုအပ်သည်ဟု ပြည်သူ့ပါတီ(PP)ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့က ဒါကို ဥပဒေအတွင်း လှုပ်ရှားမှုဆိုတာက ပါတီတွင်းမှာပဲဖြစ်ဖြစ်၊ နိုင်ငံတွင်းမှာပဲဖြစ်ဖြစ် ဒေသတွင်းမှာပဲဖြစ်ဖြစ် ဒီဥပဒေက ပြင်ဖို့လိုပြီဆိုရင်တော့ အားလုံးစုစည်းပြီးတော့ ပြင်ဖို့ကြိုးစား မပြင်နိုင်ရင် လက်ရှိ ရှိနေတဲ့ဟာကို ဘောင်ထဲကနေပြီးတော့ လှုပ်ရှားဖို့ ဆုံးဖြတ်ဖို့ ကြိုးစားရတယ်။ ကျွန်တော်ဒီလိုပဲမြင်တယ်။ အဲဒီတော့ အာဆီယံဆိုတာလည်း စတင် ဖွဲ့စည်းစဥ် တုန်းကတော့ consensus ပေါ့ အားလုံး သဘောတူညီမှ လုပ်လို့ရမယ်ဆိုတာဟာ တစ်နိုင်ငံက ကန့်ကွက်ရင် လုပ်လို့မရဘူး သို့သော်လည်းပဲ လက်တွေ့မှာကျတော့ အဖွဲ့အစည်းပုံစံ မဆန်တဲ့ လှုပ်ရှားမှုတွေက ကျနော်တို့ တွေ့နေရတယ် ပေါ့။ ဒါကြောင့်မို့လို့ အာဆီယံကိုယ်၌က သူ့ကိုယ်သူ ပြန်ပြီးတော့ ပြန်လည်ဆန်းစစ်ဖို့ ပြန်လည်သုံးသပ်ဖို့ လိုအပ် နေပြီလို့ ကျနော် မြင်ပါတယ်”ဟု ပြောသည်။

အာဆီယံ အစည်းအဝေး ကျင်းပနေစဉ်
အာဆီယံ အဖွဲ့အစည်းအနေဖြင့် တစ်နိုင်ငံ၏ ပြည်တွင်းရေးကို တစ်နိုင်ငံကဝင်၍ မစွက်ဖက်သင့်ကြောင်း၊ အာဆီယံ စတင် ဖွဲ့စည်းစဥ်က ရည်မှန်းချက်နှင့် လက်ရှိ ဆောင်ရွက်မှုများက ကွဲပြားနေသည်ဟု ရခိုင့်ဦးဆောင် ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အာဆီယံ မူလဖွဲ့စည်းစဥ် သွားနေတဲ့ ရည်မှန်းချက်နဲ့ လက်ရှိကြုံနေရတဲ့ ဆောင်ရွက်မှုဟာ နည်းနည်း ကွဲပြားတဲ့ ပုံပေါက်ပါတယ်။ ဝင်ရောက် စွက်ဖက်တယ်ဆိုတာက ဘယ်လိုပဲဖြစ်ဖြစ် မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို အစိုးရပြောင်းရင် ပြောင်းမယ်။ မပြောင်းရင် မပြောင်းဘူးပေါ့။ အဲ့ဒီဥစ္စာပေါ်မှာ အသိမှတ်ပြုရမှာပေါ့ ပြည်တွင်းရေး ကို ပြည်တွင်းကိစ္စ အနေနဲ့ရှင်းတာ ဆိုပါတော့ (2020) ဖြစ်ပြီးတဲ့နောက်မှာ နစက သူ့ရဲ့ အခြေခံဥပဒေအရ ပေါ် ပေါက်လာတယ်လို့ ညွှန်းတာပေါ့ဗျာ။ အရေးပေါ်ကာလ ပြဋ္ဌာန်းချက်အရ ဒါကာလတိုပေါ့ဗျာ ဆိုတော့ အဲဒါကို သူ့ရဲ့အရေးပေါ် အခြေခံဥပဒေဘောင်အတွင်းကနေ သုံးသပ်ကြည့်ရမှာပေါ့ တစ်ဖက်သတ် အမြင်နဲ့ တစ်ချက်လေ အဲ့လို ဖြစ်သွားတဲ့အခါမှာ ပိုပြီး ဆက်ဆံရေးတွေ ကြဲသွားတာပေါ့ အဲဒီကိုကြည့်ပြီးတဲ့အခါမှာလဲ ပြည်တွင်းရေး ဝင်ရောက် စွက်ဖက်တယ်ဥစ္စာလည်း ဖြစ်လာတာပေါ့” ဟု ပြောသည်။

ဒေါက်တာအေးမောင်ကို တွေ့ရစဉ်
အာဆီယံ အဖွဲ့ဝင်နိုင်ငံများ အားလုံး သဘောတူ လက်ခံထားသည့် Asean charter ၊ Asean Way ၊ Asean Spirit များအပေါ် လိုက်နာ ဆောင်ရွက်ကြမည်ဆိုလျှင် အာဆီယံအဖွဲ့ဝင် နိုင်ငံများအတွက် ပိုမိုစည်းလုံး အကျိုးဖြစ်ထွန်း စေမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က NLD အစိုးရသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုကို မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟု ဆိုကာ မြန်မာ့တပ်မတော်မှ ဖြုတ်ချ၍ အရေးပေါ် အခြေအနေ ကြေညာခဲ့သည်။
ထို့နောက် အာဆီယံက မြန်မာ့အရေးမှာ ဝင်ရောက် ကိုင်တွယ်လာပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မြန်မာ့ တပ်မတော် ခေါင်းဆောင်များကို အာဆီယံ အစည်းအဝေးများကနေ ဖယ်ထုတ်ထားသည်။
