CNI International News

ဝါရှင်တန်၊ နိုဝင်ဘာ ၅

ဗင်နီဇွဲလားသမ္မတ မာဒူရို  (Nicholas Maduro) ၏ သက်တမ်းသည် သိပ်ကြာတော့မည် မဟုတ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က သတိပေးခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

ထရမ့်သည် နိုဝင်ဘာ ၂ ရက်က ထုတ်လွှင့်ခဲ့သည့် CBS သတင်းဌာနနှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကာရစ်ဘီယံဒေသတွင် အမေရိကန်၏ စစ်အင်အား ဖြန့်ကြက်ချထားပြီး မူးယစ်ဆေးဝါးများ မှောင်ခိုကူးနေသည် ဟု သံသယရှိသည့် သင်္ဘောများကို တိုက်ခိုက်နေချိန်တွင် ထရမ့်၏ မှတ်ချက်စကား ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

ကုလသမဂ္ဂနှင့် ကျွမ်းကျင်သူများကမူ ကာရစ်ဘီယံ ရေပြင်များတွင် မူးယစ် သံသယဖြင့် သင်္ဘောများကို တိုက်ခိုက် နေခြင်းသည် အမေရိကန်ဥပဒေနှင့် နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်

အမေရိကန်အနေဖြင့် ဗင်နီဇွဲလားကို စစ်ပွဲဆင်နွှဲနိုင်ခြေ ရှိ/မရှိ မေးမြန်းခဲ့ချိန်တွင် ထရမ့်က “ကျနော်တော့ အဲဒီလို တွေးမထားပါဘူး”ဟု ဖြေကြားခဲ့သည်။

မည်သို့ပင်ဆိုစေ မာဒူရို၏ နေ့ရက်များသည် လက်ချိုး ရေတွက်၍ ရနေပြီဖြစ်ကြောင်း ထရမ့်က ပြောကြားခဲ့သည်။

အမေရိကန်သည် မူးယစ်-အကြမ်းဖက်မှု တိုက်ဖျက်ရေး စစ်ဆင်ရေး၏ တစ်စိတ်တစ်ပိုင်း အနေဖြင့် ဗင်နီဇွဲလား၏ စစ်ရေး အဆောက်အအုံများကို တိုက်ခိုက်ရန် စီစဉ်နေကြောင်း အမေရိကန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

ထရမ့်ကမူ သူသည် ဗင်နီဇွဲလားနိုင်ငံအတွင်း တိုက်ခိုက်မှုမျး ပြုလုပ်ရန် စီစဉ်နေခြင်း မရှိကြောင်း ငြင်းဆိုခဲ့သော် လည်း ထိုအစီအစဉ်ကို လုံးဝ ပစ်ပယ်ထားပုံ မပေါ်ကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။

“ကျနော် အဲဒီလို မလုပ်ဘူးလို့လည်း မငြင်းချင်ပါဘူး။ ဗင်နီဇွဲလားမှာ ကျနော် လုပ်မယ့်အရာတွေကိုလည်း ပြောပြမှာ မဟုတ်ပါဘူး”ဟု ထရမ့်က ပြောကြားခဲ့သည်။

Source: အယ်လ်ဂျာဇီးယား