CNI International News

ဟာဗားနား၊ ဇန်နဝါရီ ၆

ဇန်နဝါရီ ၃ ရက်က ဗင်နီဇွဲလားနိုင်ငံအတွင်း အမေရိကန်၏ တိုက်ခိုက်မှုများကြောင့် ကျူးဘားအရာရှိ ၃၂ ဦး သေဆုံးခဲ့ကြောင်း ကျူးဘားအစိုးရမှ ဇန်နဝါရီ ၅ ရက်တွင် ထုတ်ပြန်ခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

ထိုထုတ်ပြန်ချက်သည် ဗင်နီဇွဲလားနိုင်ငံအတွင်း အမေရိကန်၏ တိုက်ခိုက်မှုများကြောင့် သေဆုံးသူဦးရေနှင့် ပတ်သက်၍ ကျူးဘားဘက်မှ ပထမဆုံး တရားဝင် ထုတ်ပြန်ချက်ဖြစ်သည်။

ဗင်နီဇွဲလားအစိုးရ၏ တောင်းဆိုချက်အရ ကျူးဘားစစ်တပ်နှင့် ရဲအရာရှိများသည် မစ်ရှင်တစ်ခုဖြင့် ဗင်နီဇွဲလားသို့ ရောက်ရှိနေခြင်းဖြစ်ကြောင်း ကျူးဘားနိုင်ငံပိုင် ရုပ်သံက ဖော်ပြထားသည်။

ကျူးဘားအရာရှိများသည် ဗင်နီဇွဲလားတွင် မည်သည့်မစ်ရှင်ကို လုပ်ဆောင်နေသည် ဆိုခြင်းကိုမူ ရှင်းရှင်း လင်းလင်း မထုတ်ပြန်ခဲ့သော်လည်း ကျူးဘားသည် ဗင်နီဇွဲလား၏ ရင်းနှီးသော မဟာမိတ်ဖြစ်ပြီး ဗင်နီဇွဲလား အစိုးရ၏ လုပ်ငန်းစဉ်များ၌ ကူညီရန်အတွက် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များကို စေလွှတ်ထားသည်မှာ နှစ်ပေါင်း များစွာ ကြာမြင့်ပြီဖြစ်သည်။

ဗင်နီဇွဲလားနဲ့ ကျူးဘား အလံကိုတွေ့ရစဉ်

“သိတဲ့အတိုင်းပဲ၊ မနေ့က ကျူးဘားလူမျိုး အတော်များများ သေဆုံးခဲ့ပါတယ်။ တစ်ဖက်မှာတော့ သေဆုံးမှုတွေ အများကြီးရှိခဲ့ပေမယ့် ကျနော်တို့ဘက်မှာတော့ တစ်ယောက်မှ မသေပါဘူး” ဟု အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့် (Donald Trump) က ဇန်နဝါရီ ၄ ရက် ညပိုင်းတွင် ဖလော်ရီဒါ (Florida) မှ ဝါရှင်တန် (Washington) သို့  သွားရောက်သည့် ခရီးစဉ်အတွင်း Air Force One လေယာဉ်ပေါ်၌ သတင်းထောက်များကို ပြောကြားခဲ့သည်။

အမေရိကန်၏ ဗုံးကြဲ တိုက်ခိုက်မှုများအတွင်း လူအများအပြား သေဆုံးခဲ့ကြောင်း ဗင်နီဇွဲလားအစိုးရက ဝန်ခံထား သော်လည်း အသေအပျောက်စာရင်း အတိအကျကိုမူ အတည်ပြုပြောကြားခြင်း မရှိသေးပေ။

ကျူးဘားအစိုးရကမူ သေဆုံးသွားသော ၎င်းတို့၏ အရာရှိများအတွက် နှစ်ရက်ကြာ ဝမ်းနည်းခြင်း အထိမ်းအမှတ် သတ်မှတ်ကြောင်း ကြေညာခဲ့သည်။

ကျူးဘားသမ္မတဟောင်းနှင့် တော်လှန်ရေးခေါင်းဆောင် ရာအူးလ် ကတ်စထရို (Raúl Castro) နှင့် ကျူးဘား သမ္မတ မီဂွယ် ဒီယက်ဇ် ကာနယ် (Miguel Díaz-Canel) တို့က သေဆုံးသူများ၏ မိသားစုများထံ ဝမ်းနည်းကြောင်း သဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။

သေဆုံးသူများ၏ အမည်စာရင်းနှင့် ၎င်းတို့ တာဝန်ယူခဲ့သည့် ရာထူးများကိုမူ ကျူးဘားအာဏာပိုင်များက ချက်ချင်း ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

ကျူးဘား ရွှေ့ပြောင်း နေထိုင်သူ မိဘများက မွေးဖွားလာခဲ့သည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) ကမူ ဗင်နီဇွဲလားနိုင်ငံတွင် ကျူးဘား၏ ပါဝင်ပတ်သက်မှုကို ထောက်ပြ ပြောဆိုခဲ့သည်။

မာဒူရို၏ ပြည်တွင်းလုံခြုံရေး ယန္တရားကို ကျူးဘားနိုင်ငံသားများက ဦးဆောင်နေခြင်းဖြစ်ပြီး ၎င်းတို့သည် မာဒူရိုကို အထောက်အပံ့ပေးနေကြောင်း ရူဘီယိုက ပြောကြားခဲ့သည်။

“မာဒူရိုကို ကာကွယ်ပေးထားတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ ထောက်လှမ်းရေးဌာန တစ်ခုလုံးမှာ ကျူးဘားလူမျိုးတွေနဲ့ ပြည့်နေတာဟာ အားလုံးသိပါတယ်” ဟု ရူဘီယိုက ပြောကြားခဲ့သည်။

Source: အေပီ