CNI International News

ဆိုးလ်၊ နိုဝင်ဘာ ၅

အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက် (Pete Hegseth) သည် တောင်ကိုရီးယားသို့ လာရောက်သည့် ခရီးစဉ်အတွင်း ကိုရီးယားနှစ်နိုင်ငံ နယ်စပ်ဒေသသို့ မသွားရောက်မီ ၁ နာရီခန့်အလိုတွင် မြောက်ကိုရီးယားက အတွဲလိုက်ဒုံးများ ပစ်ခတ်ခဲ့သည်ဟု တောင်ကိုရီးယားစစ်တပ်က နိုဝင်ဘာ ၄ ရက်တွင် ပြောကြားခဲ့ကြောင်း Straits Times မှ ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်က တောင်ကိုရီးယားသမ္မတ လီဂျေမြောင် (Lee Jae Myung) နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) တို့၏ အစည်းအဝေး မတိုင်မီ မိနစ်ပိုင်း အလိုကလည်း မြောက်ကိုရီးယားသည် ဒုံးကျည်များ ပစ်လွှတ်ခဲ့သည်ဟု တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့(JCS)က ထုတ်ပြန်ခဲ့သည်။

မြောက်ကိုရီးယားသည် အနောက်ပင်လယ် (ပင်လယ်ဝါ) အတွင်းသို့ အတွဲလိုက်ဒုံး ၁၀ စင်းခန့် ပစ်လွှတ်ခဲ့ကြောင်း ထောက်လှမ်းသိရှိခဲ့သည်ဟု JSC က ထုတ်ပြန်ခဲ့သည်။

ထိုဒုံးကျည်များကို လီနှင့် ရှီတို့ မတွေ့ဆုံမီ နိုဝင်ဘာ ၁ ရက် မွန်းလွဲ ၃ နာရီနှင့် ဟက်ဆက်၏ ခရီးစဉ်ဖြစ်သည့် နိုဝင်ဘာ ၃ ရက်တို့တွင် ပစ်လွှတ်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက်ကို တွေ့ရစဉ်

ဒုံးလက်နက်များ၏ အသေးစိတ် အချက်အလက်များကို တောင်ကိုရီးယားနှင့် အမေရိကန် ထောက်လှမ်းရေး အာဏာပိုင်များက လေ့လာသုံးသပ်နေကြောင်း JCS က ပြောကြားခဲ့သည်။

ဟက်ဆက်သည် နိုဝင်ဘာ ၃ ရက်က ကိုရီးယားနှစ်နိုင်ငံ နယ်စပ်ကို သွားရောက် ကြည့်ရှုခဲ့ပြီး ၈ နှစ်အတွင်း ကိုရီးယား နှစ်နိုင်ငံနယ်စပ်သို့ လာရောက်ခဲ့သည့် ပထမဆုံး အမေရိကန်ကာကွယ်ရေးဝန်ကြီးအဖြစ် မှတ်တမ်းဝင် ခဲ့သည်။

ထို့ပြင် ဟက်ဆက်သည် တောင်နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံစစ်သားများ မျက်နှာချင်းဆိုင် မတ်တပ်ရပ်ပြီး လုံခြုံရေးယူနေသည့် ပန်မွန်ဂျွန် (Panmunjom) ငြိမ်းချမ်းရေး ကျေးရွာသို့ သွားရောက်ခဲ့သည်။

ဟက်ဆက်နှင့် တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး အန်ဂူဘက်တိုသည် နှစ်နိုင်ငံကြား ကာကွယ်ရေး ပူးပေါင်း ဆောင်ရွက်ရေးကို မြှင့်တင်ရန် ထပ်လောင်း အတည်ပြုခဲ့ကြသည်ဟု တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန က ထုတ်ပြန်ခဲ့သည်။

Source: Straits Times