CNI News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၅
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သည် ရွေးကောက်ပွဲကို ဖျက်မည့်အဖွဲ့ မဟုတ်ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက အောက်တိုဘာ ၂၅ ရက်တွင် ကျရောက်သည့် ၆၅ နှစ်ပြည့် ကချင် လွတ်လပ်ရေးအဖွဲ့အစည်း(KIO)နေ့ မိန့်ခွန်းတွင် တိုက်ပွဲများနှင့် စစ်ရေး အခြေအနေများ အဆုံးသတ် လှပရန်မှာ နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးတိုင်ပင်ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ထို့ပြင် လာမည့်ရွေးကောက်ပွဲအား ထောက်ခံသည့်အဖွဲ့နှင့် ဆန့်ကျင်သည့်အဖွဲ့ဟုဆိုကာ နှစ်ဖွဲ့ကွဲ ပေါ်ထွက်လာ မည်ဖြစ်ပြီး ထိုနှစ်ဖွဲ့ အလွယ်တကူ ဆွေးနွေးရေးမှာ ခက်ခဲလာနိုင်ကြောင်း၊ ပြည်တွင်းစစ်လည်း အချိန်ပိုကြာမြင့် လာမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုခဲ့သည်။
လာမည့် ရွေးကောက်ပွဲတွင် ကချင်နိုင်ငံရေးပါတီအချို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သောကြောင့် KIO/KIA အနေဖြင့် ၎င်းလူမျိုးအချင်းချင်း မည်သည့်အခါမှာ မဆန့်ကျင်ကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲကို ဖျက်မည့် အဖွဲ့မဖြစ်နိုင်ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာ က CNI သတင်းဌာနသို့ ပြောသည်။

NUG နဲ့ ချင်းညီနောင်အဖွဲ့ကို တွေ့ရစဉ်
၎င်းက “ကချင်နိုင်ငံရေးပါတီတွေ ရှိတယ်။ နှစ်ပါတီ၊ သုံးပါတီလောက် ရှိတယ်။ လီဆူပါတီ ရှိသလိုပဲ ကချင်ပြည် ဘက်က တူးဂျာ ဦးဆောင်တဲ့ ပါတီရှိသလိုပဲ အဲဒီလိုရှိကြတော့ ရွေးကောက်ပွဲ ဆန့်ကျင်တယ်ပြောရင် KIO က သူတို့ KIO လူဟောင်းတွေ ဦးဆောင်နေတဲ့ နိုင်ငံရေးပါတီတွေကို ဆန့်ကျင်ရတော့မယ်။ အချင်းချင်းတော့ ဘယ်တော့မှ မဆန့်ကျင်ဘူး။ ဒါရှင်းတယ်။ ရွေးကောက်ပွဲဝင်မယ့် ကချင်နိုင်ငံရေးပါတီက လွတ်လွတ်လပ်လပ် ဝင်နိုင်တယ်။ ရွေးကောက်ပွဲအတွက် ပါနိုင်တယ်။ ရွေးကောက်ပွဲကို ဖျက်မယ်၊ လုပ်မယ်ဆိုရင် ကချင်နိုင်ငံရေးပါတီ တွေရဲ့ လုပ်ပိုင်ခွင့်နဲ့ သူ့ရဲ့နိုင်ငံရေး အခွင့်အရေးကို ဖျက်သလိုဖြစ်တယ်။ KIO ကတော့ မလုပ်ပါဘူး။ သို့သော် တခြားတခြားသော လက်နက်ကိုင်တွေ၊ နွေဦးတွေ ဘာတွေကတော့ ရွေးကောက်ပွဲကြီးကို မဖြစ်မနေ ဖျက်မယ်၊ ဘာဖြစ်မယ်ဆိုတာ တခြားလူတွေရဲ့ အမျိုးသားရေးပါ ဝင်ရောက်စွက်ဖက်သလိုဖြစ်တာ တွေ့ရတယ်လေ။ အဲဒါ ကြောင့် KIO ကတော့ ရွေးကောက်ပွဲကို ဖျက်မယ့်အဖွဲ့တော့ မဟုတ်ဘူး။ ဒါပေမယ့် တခြားအင်အားစုတွေက KIO နယ်ထဲမှာ ရွေးကောက်ပွဲ ဖျက်ဖို့ကိုလည်း သူခွင့်ပြုမယ်လို့ ကျနော်မထင်ဘူး” ဟု ပြောသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၁) မတိုင်ခင် နိုဝင်ဘာနှင့် ဒီဇင်ဘာအတွင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် မြန်မာ့တပ်မတော်တို့ တွေ့နိုင်ခြေ ရှိကြောင်းလည်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များကြား သုံးသပ်ထားကြသည်။
KIO အနေဖြင့် ယခုကဲ့သို့ နိုင်ငံရေး အပြောင်းအလဲအတွင်း တစ်နိုင်ငံလုံးနှင့် တိုင်းရင်းသား အဖွဲ့အစည်းများ အားလုံး ငြိမ်းချမ်းမှု ရရှိရန်အတွက် မရပ်မနား တွေးတောအဖြေရှာနေကြောင်း KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၅ ရက်က ပြောကြားခဲ့သည်။
KIO/KIA လက်အောက်တွင် တော်လှန်ရေးအင်အားစု အများအပြားရှိသော်လည်း ရွေးကောက်ပွဲကို ဆန့်ကျင် ကြောင်း ထုတ်ဖော် မပြောဆိုခြင်းသည် နိုင်ငံရေး အကင်းပါးသကဲ့သို့ KNU ကဲ့သို့ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာခံရမည်ကို ကြောက်သောကြောင့်ဖြစ်ကြောင်း တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

ယောတပ်တော်နဲ့ KIA ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီးဂွမ်မော်တို့ လိုင်ဇာမြို့မှာ တွေ့ဆုံစဉ်
၎င်းက “ဗိုလ်မှူးကြီးနော်ဘူလည်း ဟိုတုန်းက ပြောထားပါတယ်။ KIO ထိန်းချုပ်တဲ့နယ်မြေမှာ ရွေးကောက်ပွဲ မလုပ်ဘူးလို့။ သူက အကင်းပါးတယ်ဆိုတာ အဲဒီကိစ္စပဲ။ တော်လှန်ရေး အင်အားစုတွေကတော့ အများကြီးရှိ ပါတယ် KIA ဘက်မှာ။ အခု ဖားကန့်နယ်မြေမှာ တော်တော်များများ ရှိပါတယ်။ PDF တွေ နှစ်သောင်းကျော် ရှိတယ်။ ပဋိပက္ခတွေ ဖြစ်သံတွေလည်း ကြားရတယ်။ တော်လှန်ရေး အင်အားစုတွေလည်း သူ့ရဲ့ ပေးစာ၊ ကမ်းစာ လောက်ပဲ ယူပြီးမှ ရပ်တည်နေရတဲ့ အပိုင်းလေးတွေ ရှိနေတော့ ဒါကြောင့် သူကနေပြီးမှ တော်လှန်ရေး အင်အားစု တွေဘက်က ရပ်တည်ပြီးမှ ပြတ်ပြတ်သားသား ပြောလိုက်ပြီဆိုရင် သူက KNU လို အကြမ်းဖက် အဖွဲ့အစည်း အဖြစ် ကြေညာခံရမှာ သူအရမ်းကြောက်ပါတယ်။ သူ့ရဲ့ကစားကွက်က လှေနံနှစ်ဖက်နင်း၊ ဟိုဘက်နင်း၊ ဒီဘက် နင်း အဲဒီပုံစံအတိုင်းပဲ သူက တော်လှန်ရေး အင်အားစုဘက်ကို မားမားမတ်မတ် ရပ်တည်ပြီးမှ ရွေးကောက်ပွဲကို တစ်ဖက်သတ် ဖျက်ဆီးတဲ့ပုံစံမျိုး သူပြောမှာ မဟုတ်ပါဘူး” ဟု ပြောသည်။
KIO/KIA သည် တွေ့ဆုံဆွေးနွေးရေးနှင့် ငြိမ်းချမ်းရေးကို စကားလမ်းကြောင်း ခင်းလာသည့်ပုံစံ ပေါ်ပေါက်နေ သည့်အတွက် ၎င်းလက်အောက်ရှိ တော်လှန်ရေးအင်အားစုများအနေဖြင့် KIO/KIA နှင့် သဘောထား တူညီမှု ရှိ၊ မရှိ စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား မေးခွန်းထုတ်မှုများ ရှိနေကြသည်။
လက်ရှိတွင် KIA အနေဖြင့် အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်ပြီး မြစ်ကြီးနား၌ တွေ့ဆုံဆွေးနွေးကြရန် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ထံ အဆိုပြုထားသော်လည်း တပ်မတော် ဘက်ကမူ မိုင်းလား (သို့မဟုတ်) ကျိုင်းတုံတွင် တွေ့ဆုံကြရန် သဘောထားရှိနေသည်။
ထို့ကြောင့် မြန်မာ့တပ်မတော်နှင့် KIA တို့ကြား နှစ်ဖက် တွေ့ဆုံဆွေးနွေးရန် အစီအစဉ် ရှိထားပြီးသား ဖြစ်သော် လည်း နေရာကိုမူ လက်ရှိအချိန်အထိ မဆုံးဖြတ်နိုင်ဖြစ်နေကြသည်။
