CNI News

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၃

လက်နက်ကိုင်အဖွဲ့အစည်းများကို ဥပဒေလမ်းကြောင်းဖြင့် မဖြစ်ဖြစ်အောင် ထိန်းကျောင်းသွားသင့် သည်ဟု တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)မှဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။ 

လက်နက်ကိုင်အဖွဲ့အစည်း တစ်ဖွဲ့တိုးလာတိုင်း ပြည်သူများ အနေဖြင့် ဝန်ထုပ်ဝန်ပိုး တစ်ခု တိုးလာရ ကြောင်း၊ မိမိတို့အနေဖြင့် လက်နက်ကိုင် လွှမ်းမိုးနေသည့် ကိစ္စရပ်ကို ဥပဒေလမ်းကြောင်းဖြင့် မဖြစ်ဖြစ် အောင် ထိန်းကျောင်း‌ ဆောင်ရွက်သွားမည်ဟု ၎င်းက ပြောသည်။ 

စိုင်းဋ္ဌေးအောင်က “ရှမ်းနီပြည်သူလူထုတွေကတော့ တစ်လျှောက်လုံး နှစ်ပေါင်း ၆၀ ကျော် KIA ရဲ့ ဖိနှိပ်မှု အောက်မှာ အသက်ရှင်သန်ခဲ့ရတာ ယနေ့ နိုင်ငံရေး အပြောင်းအလဲမှာလည်း လက်နက်ကိုင်တိုက်ပွဲတွေ ဒီလောက်ထိ ဖြစ်နေတဲ့ အခါကျတော့ ရှမ်းနီတွေအနေနဲ့ လက်နက်ကိုင်ပြီးမှ ပြန်တိုက်မယ်ဆိုတဲ့ ကဏ္ဍ မျိုးတွေနဲ့ လက်နက်ကိုင် အဖွဲ့အစည်းပေါင်းစုံ ရှမ်းနီအဖွဲ့ထဲမှာလည်း ပေါ်လာတာပေါ့။ အဲ့ဒီလိုပေါ်လာ တဲ့ အခါကျတော့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးတဲ့ အခါတုန်းကလည်း ပြောခဲ့တာတွေ ရှိပါတယ်။ လက်နက်ကိုင်တစ်ဖွဲ့ တိုးတိုင်းတိုးတိုင်း ပြည်သူမှာ ဝန်ထုပ်ဝန်ပိုးတစ်ခု တိုးရတယ်။ အဲဒီအတွက်ကြောင့် မို့လို့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်အောင် ကြိုးစားမယ်။ ကြိုးစားမယ်ဆိုတဲ့ အခါ ကျတော့ အခု ရှမ်းနီလူမျိုးတွေ နစ်နာနေကြတယ်။ အခုကျနော်တို့ သယံဇာတထွက်တဲ့ ဒေသတွေ အားလုံးကလည်း ကိုယ့်ဒေသမှာ သယံဇာတ ထွက်ပေမယ့် ဒေသက ဘာမှ မစံစားရဘူး။ လက်နက်ကိုင် အဖွဲ့အစည်းတွေပဲ အကုန်လုံး သူတို့တူးဖော်၊ သူတို့ အကျိုးစီးပွားတွေ အတွက်ပဲ လုပ်သွားကြတာတွေ ရှိပါတယ်။ အဲဒါတွေကိုလည်း ကျနော်တို့ ဥပဒေနဲ့ ကာကွယ်နိုင်အောင်၊ ဥပဒေစောင့်ရှောက်မှုအောက်ကို ရောက်နိုင်အောင်၊ ကျနော်တို့ လူမျိုးကိုလည်း ဥပဒေ‌နဲ့ ကာကွယ်စောင့်ရှောက်နိုင်အောင်၊ ဥပဒေထဲမှာ အေးအေးချမ်းချမ်းနေနိုင်အောင် ဆောက်ရွက်မယ်။ ဒါဖြစ်ဖို့အတွက်ကို ကြိုးစားရမှာလည်း အများကြီးပါ။ လက်နက်ကိုင်လွှမ်းမိုးနေတဲ့ ကိစ္စကြီးကို ဥပဒေစကား သွား‌ပြောတယ်ဆိုတဲ့ အခါကျတော့ ယနေ့အချိန် ပြောရင်တော့ အရူးလို့တောင် ပြောရင်ပြောမှာပေါ့။ မဖြစ်ဖြစ်အောင်တော့ ကျနော်ကြိုးစားပါမယ်” ဟု ပြောသည်။

KIA ခေါင်းဆောင်ကို တွေ့ရစဉ်

KIA သည် နွေဦးတော်လှန်ရေး အင်အားစုများကို လက်နက်ခဲယမ်း အပါအဝင် စစ်သင်တန်းများ၊ နေထိုင် နိုင်ရေးတို့ကို ထောက်ပံ့ ကူညီပေးနေသလို စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ် စစ်ဆင်ရေးများ တွင်လည်း ပူးပေါင်း တိုက်ခိုက်နိုင်‌ရေး ထောက်ပံ့ပေးလျက်ရှိသည်။

လက်ရှိ KIA ဌာနချုပ်တွင် AA၊ နာဂလက်နက်ကိုင်(ENDA/ENNO)၊ NUG၊ NUCC၊ CNF၊ ABSDF၊ PDF၊  များ အခြေချ စုဖွဲ့လျက်ရှိကြောင်း နီးစပ်သူများက ပြောသည်။ 

လက်ရှိ မြန်မာနိုင်ငံတွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် အင်အားစုများကြား တိုက်ပွဲများအပြင်း အထန် ဖြစ်ပွားနေကြပြီး စစ်ပွဲကြောင့် ထွက်ပြေး တိမ်းရှောင်နေရသူ ၃ သန်းကျော်ရှိသည်။

လွှတ်တော်ပေါ်ပေါက်လာပြီး ပထမခြောက်လပတ်တွင် လက်နက်ကိုင်ပဋိပက္ခ ကိစ္စရပ်များနှင့် ပတ်သက်၍ ထူးထူးခြားခြား ဖြစ်လာဦးမည် မဟုတ်ကြောင်း၊ ထိုခြောက်လအပတ် ကျော်မှသာလျှင် နိုင်ငံအတွက် တစ်စုံတစ်ရာ တိုးတက်မှု အပြောင်းအလဲများ တွေ့နိုင်မည်ဖြစ်ကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။ 

စိုင်းဋ္ဌေးအောင်ကို တွေ့ရစဉ်

၎င်းက “ဥပဒေလမ်းကြောင်းလို့ ပြောတာက လွယ်တယ်လေ။ အဲဒီဥပဒေကို ပေါ်လာမယ့် လွှတ်တော် အသစ်က ပြဋ္ဌာန်းရမှာကိုဗျ။ ဥပဒေကိုပြဋ္ဌာန်းမှ အဲဒီဥပဒေအတိုင်း လုပ်ရမှာကို။ ဒါကြောင့် လွှတ်တော် အသစ်ရဲ့ ပေါ်လစီတွေနဲ့ လွှတ်တော်သစ် ပြဋ္ဌာန်းပေးမယ့် ဥပဒေတွေက လက်ရှိ အခြေအနေကိုတော့ အပြောင်းအလဲ လုပ်နိုင်ပါတယ်။ ဒါပေမယ့် လွှတ်တော်က ပထမဆုံး ဥပဒေပြဋ္ဌာန်း ရမယ်ဆိုတော့ ဒီ ၂၀၂၆ ရဲ့ ပထမ ခြောက်လပတ်မှာတော့ ဘာမှ ဖြစ်ဦးမှာ မဟုတ်ဘူး။ အဲဒီ အစိုးရဖွဲ့တာနဲ့ ‌သမ္မတရွေးတာ ရယ်၊ အစိုးရဖွဲ့တာရယ် နောက်ပြီးတော့ လိုအပ်တဲ့ ဥပဒေတွေထပ်မံ ပြဋ္ဌာန်းတာရယ်၊ မလိုအပ်တဲ့ ဥပဒေ တွေကို ရုတ်သိမ်းတာရယ်၊ ဒါတွေက လွှတ်တော်က လုပ်ရအုံးမယ်။ ဒါကြောင့် ပထမခြောက်လပတ် က တော့ ကျနော်ထင်တယ်။ အဲဒီအကြောင်းအရာတွေ ပေါ်မှာမဟုတ်ဘူး။ ဒုတိယခြောက်လပတ် ရောက်မှ ကျနော်တို့ တိုက်နေတဲ့ အဖွဲ့တွေကို ပြန်လည်ဖိတ်ခေါ်တာတို့ နိုင်ငံခြားရောက်နေတဲ့လူတွေ ပြန်လည် ဖိတ်ခေါ်တာတို့ တ‌ဖြည်းဖြည်း ဖြေလျှော့‌မှုတွေ ဖြစ်လာလိမ့်မယ်လို့ ယူဆတယ်။ တစ်ဖက်က အစိုးရက ဖြေလျှော့မှုတွေ လွှတ်တော်ကလည်း ဥပဒေတွေ ပြဋ္ဌာန်းလာမှသာလျှင် နိုင်ငံတကာကလည်း စောင့် ကြည့်ပြီးတော့ စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်ထားတာတွေကို ဘယ်လို ရုတ်သိမ်းမလဲဆိုတာ တဖြည်းဖြည်း ဖြစ်သွားလိမ့်မယ်လို့ ထင်တယ်ဗျ အကောင်အထည်ကလေ။ ဒါကြောင့် ဒီခြောက်လအကျော်မှ ‌အပြောင်း အလဲ လေးတွေ တိုးတက်မှုလေးတွေ တွေ့နိုင်မယ်လို့ ယူဆပါတယ်" ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ အပိုင်း (၃) ပိုင်းသည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီး ရွေးကောက်ပွဲအလွန် အစိုးရသစ်တစ်ရပ် ပေါ်ထွန်းလာသည့်အခါတွင် နိုင်ငံရေး၊ စစ်ရေး အခြေအနေ မည်သို့ ပြောင်းလဲမှုများ ရှိလာနိုင်မလဲဆိုသည်ကို နိုင်ငံလေ့လာသူများနှင့် ပြည်သူများက စိတ်ဝင်စားမှုများရှိနေကြသည်။ 

မြန်မာနိုင်ငံတွင် မတ်လ၌ လွှတ်တော်ခေါ်ယူမည်ဖြစ်ပြီး ဧပြီလမှာတော့ အစိုးရဖွဲ့မည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။