CNI International News
ဘန်ကောက်၊ ဖေဖော်ဝါရီ ၃
“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) သို့မဟုတ် ထိုင်းအခေါ် “ဝ”နီ (Red Wa) အဖွဲ့သည် မူးယစ် ဆေးဝါး ကုန်ကူးမှုမှ ရရှိသော ငွေကြေးများအား အသုံးပြုပြီ ထိုင်းနိုင်ငံ၏ နိုင်ငံရေးဩဇာအာဏာကို ဝယ်ယူနေ ကြောင်း ထိုင်းလွှတ်တော်ဥက္ကဋ္ဌဟောင်းနှင့် သယံဇာတဝန်ကြီးဟောင်း ယောင်ယွတ် တီယာပိုင်ရတ် (Yongyuth Tiyapairat)က စွပ်စွဲခဲ့သည်ဟု Transborder News သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
UWSA သည် ထိုင်းနိုင်ငံ၏ ရွေးကောက်ပွဲများတွင် ဝင်ရောက်စွက်ဖက်ခြင်း၊ ရွာသားများကို ခြိမ်းခြောက်ခြင်း၊ ခြိမ်းခြောက် အကျပ်ကိုင်မှုများမှတဆင့် ထိုင်းနိုင်ငံသားဖြစ်ခွင့်ကို တရားမဝင် ရယူနေသည်ဟု ၎င်းက ဆိုသည်။
ဇန်နဝါရီလ ၃၀ ရက်နေ့က ချင်းရိုင်ခရိုင်၊ မယ်ချန် (Mae Chan) မြို့နယ်ရှိ ဖြူးထိုင်းပါတီ၏ နယ်မြေ(၂) လွှတ်တော် ကိုယ်စားလှယ်လောင်း ပီယရတ် တီယာပိုင်ရတ် (Piyarat Tiyapairat) ကို ထောက်ခံသည့် မဲဆွယ်စည်းရုံးပွဲတွင် ယောင်ယွတ်က ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုင်းလွှတ်တော်ဥက္ကဋ္ဌဟောင်းနှင့် သယံဇာတဝန်ကြီးဟောင်း ယောင်ယွတ် တီယာပိုင်ရတ်ကို တွေ့ရစဉ်
UWSA အဖွဲ့ဝင်များသည် ယခင်က ပါတွန် (Pa Tung) ကျေးရွာအနီးတွင် မက်သာဖက်တမင်း စိတ်ကြွဆေးများ ထုတ်လုပ် ရောင်းချခဲ့ဖူးကြောင်း၊ လက်ရှိတွင် ထိုဒေသ၌ လက်နက်ကြီးများနှင့် မော်တာများ အပါအဝင် စစ် အင်အား အမြောက်အမြားဖြင့် တပ်စွဲထားကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထိုင်းစစ်သားများက ထိုဒေသကို ဝင်ရောက် စစ်ဆေးခဲ့ရာတွင် UWSA ထိန်းချုပ်ထားသော နယ်မြေအတွင်းသို့ ဆက်သွယ်ထားသည့် မြေအောက် ပိုက်လိုင်းများကို တွေ့ရှိခဲ့ကြောင်း ၎င်းက ဆိုသည်။
ထိုပိုက်လိုင်းများကို ဖြုတ်ယူစစ်ဆေး ကြည့်ချိန်တွင် ဖုန်းလိုင်း ကေဘယ်ကြိုးများနှင့် ဓာတ်ကြိုးများကို တွေ့ရှိခဲ့ ကြောင်း၊ ထိုပိုက်လိုင်းများကို ကျားဖြန့်လုပ်ငန်းများအတွက် အသုံးပြုခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ထိုင်းစစ်တပ်နဲ့ UWSA တွေ့ဆုံစဉ်
“တာဝန်ရှိသူတွေက ဖမ်းဆီးဖို့ လုပ်ဆောင်တဲ့အခါ ဘန်ကောက်မှာတင် အမှုက ရပ်သွားခဲ့တယ်။ ဘာကြောင့်လဲ ဆိုတာ ဘယ်သူမှ မသိကြဘူး။ “ဝ”အဖွဲ့ဟာ ဒေသန္တရ အုပ်ချုပ်ရေးအရာရှိတချို့နဲ့ ကျေးရွာလူကြီး တချို့ကို ငွေ ပေးပြီး သူတို့ရဲ့ လက်အောက်ခံတွေဖြစ်အောင် သိမ်းသွင်းကြတယ်။ အဲဒီနောက်မှာတော့ ကျေးရွာသားတွေနဲ့ ကျနော်တို့ရဲ့ ကလေးတွေကို လှည့်စားခဲ့ကြပါတယ်” ဟု ယောင်ယွတ်က ပြောကြားခဲ့သည်။
ထို့ပြင် “ဝ”အဖွဲ့သည် ထိုင်းနိုင်ငံသားအဖြစ် ကာလရှည်ကြာ ခံယူထားသည့် လားဟူ (Lahu) တိုင်းရင်းသား များထံမှ ထိုင်းမှတ်ပုံတင် ကတ်ပြားများကို အတင်းအဓမ္မ လုယူနေကြောင်းလည်း ၎င်းက ထပ်မံစွပ်စွဲခဲ့သည်။
“ထိုင်းမှတ်ပုံတင်တစ်ခု ရဖို့ဆိုတာ အလွန်ခက်ခဲပါတယ်။ “ဝ” အဖွဲ့တွေဟာ တရုတ်ပြည် တောင်ပိုင်းကနေ ပြောင်းရွှေ့လာပြီး ပါတွန် (Pa Tung) မှာ အခြေချ နေထိုင်ကြသူတွေပါ။ သူတို့ဟာ လားဟူ ရွာသားတွေကို သေနတ်နဲ့ ခြိမ်းခြောက်ပြီး သူတို့ရဲ့ မှတ်ပုံတင်တွေကို တောင်းကြသလို ငွေနဲ့လည်း ကမ်းလှမ်းခဲ့ကြပါတယ်”ဟု ယောင်ယွတ်က ပြောကြားခဲ့သည်။
Source: Transborder News
