CNI International News

ဘန်ကောက်၊ မတ်လ ၂၂

ထိုင်းဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) သည် မူးယစ်ဆေးဝါး၊ ကျားဖြန့်ဂိုဏ်းများ နှင့် နယ်စပ်ပြဿနာတို့ကို ဆွေးနွေးရန် မတ်လ ၂၁ ရက်က ဘန်ကောက်မြို့တော်၏ ဖရာ နာခွန်း (Phra Nakhon ) ရပ်ကွက်ရှိ တော်ဝင်ထိုင်းစစ်တပ်၏ ဌာနချုပ်တွင် စစ်တပ်တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြောင်း The Nation မှ ဖော်ပြခဲ့သည်။

ပေတုန်တန်သည် ဖာယူဟာ ခီရိ (Phayuha Khiri) ခရိုင်၏ မော်တော်ယာဉ် စစ်ဆေးရေးဂိတ်တွင် မူးယစ်ဆေးဝါး တိုက်ဖျက်မှုများကို စစ်ဆေးကြည့်ရှုရန် နာခွန်း ဆာဝမ် (Nakhon Sawan) မြို့သို့ မသွားရောက်မီ စစ်တပ်နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ထိုတွေ့ဆုံမှုသည် ဝန်ကြီးချုပ် ပေတုန်တန်နှင့် စစ်တပ်တို့ ပထမဆုံးအကြိမ် တွေ့ဆုံမှုဖြစ်သည်။

တော်ဝင်ထိုင်းစစ်တပ်က ဒူးဆစ် (Dusit) ခရိုင်ရှိ မီလင် (Milin) စားသောက်ဆိုင်တွင် ပေတုန်တန်ကို အမဲကြော်၊ ပဲသုတ်၊ ပြည်ကြီးငါးဟင်းချို၊ ပုဇွန်ကြော် အပါအဝင် ဟင်းပွဲ အများအပြား ပါဝင်သည့် နေ့လည်စာဖြင့် ဧည့်ခံ ကျွေးမွေးခဲ့သည်။

 ထိုင်းဝန်ကြီးချုပ် ပေတုန်တန်နဲ့ ထိုင်းစစ်တပ်ကို တွေ့ရစဉ်

မွန်းလွဲ ၂ နာရီတွင် ကာကွယ်ရေးဝန်ကြီး ဖွမ်သမ် ဝီချာယာချိုင်း (Phumtham Wechayachai) က လက်စီ (Lak Si) ခရိုင်ရှိ တော်ဝင်ထိုင်း လက်နက်ကိုင်တပ်ဖွဲ့ ဌာနချုပ်၌ နယ်စပ်ဒေသ လုံခြုံရေးခြိမ်းခြောက်မှုများကို ကာကွယ် တားဆီးရေးနှင့် နှိမ်နင်းရေးကော်မတီ အစည်းအဝေးကို သဘာပတိအဖြစ် ဦးဆောင်ပြုလုပ်ခဲ့သည်။

ထိုကော်မတီသည် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို ရည်ရွယ်လုပ်ဆောင်လျက်ရှိကာ အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းပြီး မူးယစ်ဆေးဝါး ထုတ်လုပ်၊ ဖြန့်ချိသည့် အရင်းအမြစ်များကို ရှင်းလင်းရေး၊ မူးယစ်ဆေးဝါး မှောင်ခိုကူးမှု ကို ကြားဖြတ်ဟန့်တားရေးနှင့် မူးယစ်ဆေးဝါး မှောင်ခိုကူးသည့် လမ်းကြောင်းများကို ဖျက်ဆီးရေးတို့ကို အာရုံစိုက် လုပ်ဆောင်လျက်ရှိသည်။

ထို့ပြင် ထိုကော်မတီသည် နယ်စပ်ဒေသ လုံခြုံရေးနှင့် ပြည်သူ့လုံခြုံရေးကို ခြိမ်းခြောက်နေသည့် ကျားဖြန့်စင်တာ များနှင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို တားဆီးရေးတို့အတွက် အားထုတ်ကြိုးပမ်းမှုများကို အရှိန်မြှင့်တင် ရန် လုပ်ဆောင်သွားမည်ဖြစ်သည်။

Source: The Nation