CNI News
၂၀၂၅ ခုနှစ်၊ မတ်လ ၂၃
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပမည့် BIMSTEC အစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ကြောင်း Thai PBS မှ ဖော်ပြခဲ့သည်။
BIMSTEC အစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ ဧပြီ ၃ ရက်မှ ၄ ရက်အထိ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမည်ဖြစ်ပြီး ထိုင်းဝန်ကြီးချုပ် ပေတုန်တန်က သဘာပတီအဖြစ် တာဝန်ယူမည်ဖြစ်သည်။
အဆိုပါ အစည်းအဝေးသို့ အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် အိန္ဒိယ၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ မြန်မာ၊ နီပေါ၊ ထိုင်း စသည့် နိုင်ငံများမှ ခေါင်းဆောင် တက်ရောက်ကြမည်ဖြစ်သည်။
BIMSTEC ကို ဘန်ကောက်တွင် ၁၉၉၇ ခုနှစ်က စတင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။
၂၀၁၄ ခုနှစ်က BIMSTEC အစည်းအဝေးကို သမ္မတဦးသိန်းစိန် တက်ရောက်ခဲ့စဉ်
BIMSTEC ကို ဖွဲ့စည်းခဲ့ရခြင်းမှာ ဘင်္ဂလားပင်လယ်အော်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော နိုင်ငံများကြားတွင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရန်အတွက် ရည်ရွယ်၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ထို့နောက် တောင်အာရှနှင့် အရှေ့တောင်အာရှကြား ပေါင်းကူးတံတားအဖြစ် ဆောင်ရွက်ပြီး ဒေသတွင်းရှိ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံမှုများကို မြှင့်တင်ပေးလျက်ရှိသည်။