CNI International News

နယူးဒေလီ၊ မတ်လ ၂၄

ကမ္ဘာ့ပဉ္စမအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်သည့် အိန္ဒိယအနေဖြင့် ကျယ်ပြန့်ပြီး မတူကွဲပြားသော စွမ်းအင်ကဏ္ဍ ဆက်ဆံရေးကို မဖြစ်မနေ ဖော်ဆောင်ရမည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျိုင်ရှန်ကာ (S Jaishankar) က ပြောသည်ဟု The Hindu သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

ကမ္ဘာကြီးသည် ရွာတစ်ရွာကဲ့သို့ ဖြစ်သွားခဲ့သည့် ဂလိုဘယ်လိုက်ဇေးရှင်း၏ ကောင်းကျိုးများကို ဆယ်စုနှစ်များစွာ မြင်တွေ့ခဲ့ရပြီးနောက် မျက်မှောက်ခေတ် ကမ္ဘာကြီးသည် စက်မှု မူဝါဒများ၊ ပို့ကုန်ထိန်းချုပ်မှုများ၊ အကောက်ခွန် စစ်ပွဲများ၏ သက်ရောက်မှုများနှင့် ရုန်းကန်နေရဆဲဖြစ်ကြောင်း ဂျိုင်ရှန်ကာက မွမ်ဘိုင်း (Mumbai)မြို့တွင် ပြုလုပ်သည့် မီဒီယာပွဲ အခမ်းအနားတစ်ခု၌ ပြောကြားခဲ့သည်။

ထိုအခြေအနေမျိုးတွင် မိမိတို့နိုင်ငံ၏ အားသာချက်များကို ဖော်ထုတ်ရန် အပြင် မူဝါဒများနှင့်အညီ လိုက်လျော ညီထွေဖြစ်စေရန် အရေးကြီးကြောင်း ၎င်းက အလေးထား ပြောခဲ့သည်။

ပြည်ပနိုင်ငံများတွင် ဖွင့်လှစ်ထားသည့် အိန္ဒိယသံရုံးများသည် နိုင်ငံ၏ စီးပွားရေးနှင့် အကျိုးစီးပွားကို ပိုမို တက်ကြွစွာ လုပ်ဆောင်နေကြောင်း၊ အိန္ဒိယ စီးပွားရေးလုပ်ငန်းများ အောင်မြင်စေရန်အတွက် သတင်း အချက်အလက်များ ထောက်ပံ့ပေးခြင်း၊ အကြံဉာဏ်ပေးခြင်းတို့ လုပ်ဆောင်ပေးနေကြောင်းလည်း ဂျိုင်ရှန်ကာက ဆိုသည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျိုင်ရှန်ကာကို တွေ့ရစဉ်

ထို့ပြင် ဂျိုင်ရှန်ကာသည် ရုရှား၊ ယူကရိန်း၊ အစ္စရေး၊ အီရန်၊ အနောက်နိုင်ငံများ ၊ ကမ္ဘာ့တောင်ခြမ်း၊ BRICS အဖွဲ့၊ QUAD အဖွဲ့တို့ အပါအဝင် မတူကွဲပြားသော နိုင်ငံများနှင့် တပြိုင်နက်တည်း ထိတွေ့ဆက်ဆံ နိုင်စွမ်းရှိသည့် အိန္ဒိယ၏ ထူးခြားသော ရပ်တည်ချက်ကို အလေးထား ပြောခဲ့သည်။

ထိုကဲ့သို့ ပေါင်းစုံပါဝင်သည့် ထိတွေ့ဆက်ဆံမှုသည် မတူကွဲပြားသော စွမ်းအင်ဆက်ဆံရေးကို မြှင့်တင်ရန်နှင့် ကမ္ဘာ့စိန်ခေါ်မှုများကို ပူးပေါင်းဖြေရှင်းမည့် အိန္ဒိယ၏ သန္နိဋ္ဌာန်ကို ပြသရာ ရောက်နေသည်ဟုလည်း ဂျိုင်ရှန်ကာ က ပြောကြားခဲ့သည်။

ယူကရိန်း ပဋိပက္ခအပြီးတွင် အိန္ဒိယ၏ စွမ်းအင်ဝယ်ယူသည့် ချဉ်းကပ်ပုံနှင့်ပတ်သက်ပြီး ပြောကြားရာ၌ ရုရှားထံမှ ရေနံများ ဆက်လက်ဝယ်ယူနေသော အိန္ဒိယ၏ ဆုံးဖြတ်ချက်ကို နိုင်ငံအချို့က ဝေဖန်ခဲ့ကြောင်း၊ သို့သော် နိုင်ငံတိုင်းသည် မိမိတို့၏ ကိုယ်ကျိုးစီးပွားကိုသာ ရှေ့တန်းတင် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဝေဖန်မှုများကို ချေပပြောကြားခဲ့သည်။

အရင်းအမြစ် ပေါင်းစုံပါဝင်သည့် ကုန်ထုတ်လုပ်မှု၊ ဆန်းသစ်တီထွင်မှုနှင့် နည်းပညာကဏ္ဍများကို မြှင့်တင်ခြင်း သည် စီးပွားရေး စိန်ခေါ်မှုများနှင့်ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံများ၏ စိုးရိမ်ပူပန်မှုအား လျော့ကျစေနိုင်သည်ဟုလည်း ဂျိုင်ရှန်ကာက ပြောကြားခဲ့သည်။

Source: The Hindu