CNI International News

နယူးဒေလီ၊ ဇွန်လ ၇

တရုတ်က မြေရှားသတ္တုများနှင့် သံလိုက်များ တင်ပို့ရောင်းချမှုကို လျှော့ချလိုက်သဖြင့် အိန္ဒိယ၏ ကားထုတ်လုပ် သည့် ကုမ္ပဏီများသည် ဖိအားများနှင့်ရင်ဆိုင်လာရပြီး ကုန်ကြမ်းများ ပြတ်လပ်မှုကြောင့် မကြာမီအချိန်အတွင်း ကားထုတ်လုပ်မှုများ ရပ်နားသွားဖွယ်ရှိနေကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။

ကားထုတ်လုပ်သည့် လုပ်ငန်းများသည် ရောင်းအားနှေးကွေးမှုနှင့် ရင်ဆိုင်နေရချိန်တွင် မြေရှားသတ္တုများနှင့် သံလိုက်များ ရှားပါးလာမှုသည် ကံဆိုးသည့် တိုက်ဆိုင်မှုဖြစ်သည်။

မြေရှားသတ္တုများသည် ကားထုတ်လုပ်သူများအတွက် အလွန်အရေးကြီးသည့် ကုန်ကြမ်းပစ္စည်းများဖြစ်ပြီး ထိုမြေရှားသတ္တုများကို လျှပ်စစ်ထိုင်ခုံများ၊ စတီယာရင်များ၊ ဘရိတ်များ၊ အသံစနစ်များမှအစ ပစ္စည်းပေါင်းစုံ၊ စနစ်ပေါင်းစုံတွင် အသုံးပြုနိုင်သည်။

ထို့ပြင် မြေရှားသတ္တုများသည် မြင့်မားသည့် အပူချိန်ကို ခံနိုင်ရည်ရှိသဖြင့် ဆီကားများတွင် အသုံးပြုသော အင်ဂျင်များနှင့် လျှပ်စစ်ကားများ၌ အသုံးပြုသည့်မော်တာများတွင်လည်း အသုံးပြုသည်။

 ကားထုတ်လုပ်နေစဉ်

ထို့ကြောင့် မြေရှားသတ္တုများ ပြတ်လပ်လာမှုကို တုန့်ပြန်ရန်အတွက် အိန္ဒိယအစိုးရသည် ပြည်တွင်းမှာသာ မြေရှားသတ္တုသံလိုက်များ ထုတ်လုပ်ရေးအစီအစဉ်အား ရေးဆွဲနေသည်။

အကြီးစားစက်ယန္တရား လုပ်ငန်းများဆိုင်ရာ ဝန်ကြီးဌာနက တရုတ်၏ မြေရှားသတ္တုများအပေါ် မှီခိုမှုလျှော့ချရန် နှင့် ပြည်တွင်းတွင် ထုတ်လုပ်မှုကို ထောက်ပံ့ပေးရန် ငွေကြေး အများအပြားသုံးစွဲမည့် အစီအစဉ်တစ်ခုအား မူကြမ်းရေးဆွဲနေခြင်းဖြစ်သည်။

ထို့ပြင် အိန္ဒိယအစိုးရသည် တရုတ်၏ စက်ယန္တရား တင်ပို့ရောင်းချမှုအတွက် ကုန်သွယ်ခွန် လျှော့ပေါ့မှုရရှိရန်နှင့် ကုန်စည်ထုတ်ယူခွင့်ဆိုင်ရာ အချက်အလက်များကို အသုံးပြုခွင့်ရရှိဖို့ တရုတ်နိုင်ငံသို့ စက်မှုလုပ်ငန်း ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ရန် စီစဉ်နေသည်။

လက်ရှိတွင် Bajaj Auto နှင့် Maruti Suzuki ကားကုမ္ပဏီများ အပါအဝင် အိန္ဒိယ၏ ကားကုမ္ပဏီ ၁၇ ခုသည် တရုတ်ထံမှ မြေရှားသတ္တုများကို ပုံမှန်အတိုင်း တင်သွင်းဝယ်ယူခွင့်ရရှိရန် တရုတ်ထံမှ ခွင့်ပြုချက်အား  စောင့်ဆိုင်းနေသည်။

Bajaj Auto ကုမ္ပဏီကမူ ကုန်ကြမ်းများ ပြတ်လပ်မှုကြောင့် ဇူလိုင်လတွင် လျှပ်စစ်ကား ထုတ်လုပ်မှုသည် ဆိုးဆိုးရွားရွား နှောင့်နှေးကြန့်ကြာ သွားနိုင်ကြောင်း ပြောကြားခဲ့ပြီး Maruti Suzuki ကုမ္ပဏီကမူ အိန္ဒိယအစိုးရနှင့် တိုင်ပင်ဆွေးနွေးနေကြောင်း ပြောကြားခဲ့သည်။

Source: Nikkei Asia