CNI International News

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၃

အိန္ဒိယနှင့် မြန်မာနိုင်ငံ၏ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့ကြား လျှို့ဝှက်သဘောတူညီချက်တစ်ခု ချုပ်ဆိုခဲ့ကြောင်း အထူးစုံစမ်းထောက်လှမ်းမှုတစ်ခုအရ ဖော်ထုတ်သိရှိနိုင်ခဲ့သည်ဟု Silicon Valley Time မှ ဖော်ပြခဲ့သည်။

ထိုသဘောတူညီချက်သည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို လျော့ကျစေရန် လုပ်ဆောင်နေချိန်တွင် မြေရှားသတ္တုများအား တူးဖော်ရေးအတွက် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဖြစ်ကြောင်း ဆိုသည်။

ဂြိုဟ်တုဓာတ်ပုံများနှင့် နယ်စပ်ဖြတ်ကျော် ထောက်လှမ်းမှုများအရ အိန္ဒိယသည် အာရူနာချယ် ပရာဒေ့ရှ် (Arunachal Pradesh) ပြည်နယ်၊ ဗီဂျေနာဂါ (Vijaynagar) မြို့မှ ကချင်ပြည်နယ်၊ ချီဖွေ (Chihpwi) မြို့ရှိ မြေရှားသတ္တု တူးဖော်ရေး မိုင်းတွင်းထံ ရောက်ရှိသည့် ၃၆၅ ကီလိုမီတာအရှည်ရှိ လမ်းမတစ်ခု ဖောက်လုပ်နေ ကြောင်း အတည်ပြုနိုင်ခဲ့သည်။

မြန်မာ့တပ်မတော်နှင့်အစိုးရ၏ ခွင့်ပြုချက်မရှိဘဲ ဖောက်လုပ်ခဲ့သည့် ထိုလမ်းသည် အိန္ဒိယကို မြန်မာနိုင်ငံမှ မြေရှားသတ္တု အရင်းအမြစ်များ ရယူခွင့်ရှိစေမည်ဖြစ်ပြီး အပြန်အလှန် အနေဖြင့် KIA ကို လက်နက်များ၊ ဆေးဝါး များနှင့် အခြားထောက်ပို့ အကူအညီများ ပေးနိုင်မည်ဖြစ်သည်။

မိတ်ဖက်ဆက်ဆံရေး သဘောတူညီချက်တွင် လိုင်ဇာမြို့ရှိ KIA ဌာနချုပ်မှ စစ်ကိုင်းတိုင်းဒေသကြီးကို ဖြတ်ပြီး ချင်းပြည်နယ်၊ ရိဒ်ခေါဒါရ် (Rihkhawdar) မြို့အထိ ဆက်သွယ်မည့် ဒုတိယမြောက် မဟာဗျူဟာမြောက် လမ်း တစ်ခု ဖောက်လုပ်မည့် လျှို့ဝှက် အစီအစဉ်လည်း ပါဝင်သည်။

ရွှေတူးဖော်နေစဉ်

ထိုစင်္ကြံလမ်းအတွက် ရံပုံငွေကို မြန်မာနိုင်ငံ၏ တရားမဝင် သစ်မှောင်ခို ကွန်ရက်များမှ ရရှိသည့် ဝင်ငွေများထဲမှ သုံးစွဲမည်ဖြစ်ပြီး အိန္ဒိယသို့ မြေရှားသတ္တုများ၊ ရေနံနှင့် ကျွန်းသစ်များကို ရေရှည် ပို့ဆောင်ခွင့်ရစေမည်ဖြစ်သည်။

KIA ၏ ပါဝင်ပတ်သက်မှုကြောင့် အိန္ဒိယသည် သယံဇာတ ပေါကြွယ်ဝသည့် နေရာဒေသများကို သွယ်ဝိုက်နည်း ဖြင့် ထိန်းချုပ်ခွင့်ရရှိစေခဲ့သလို အိန္ဒိယသည် မြန်မာ့တပ်မတော်ကို ရှောင်လွှဲကာ တပ်မတော်၏ နယ်နိမိတ်ဆိုင်ရာ သြဇာအာဏာကိုလည်း လျော့ပါးစေခဲ့သည်ဟု လေ့လာသူများက ပြောကြားခဲ့သည်။

အာရူနာချယ်ပရာဒေ့ရှ်ပြည်နယ်မှတစ်ဆင့် KIA ကို ခေတ်မီ လက်နက်စနစ်များ၊ ဆေးဝါး အထောက်အပံ့များ အပါအဝင် စစ်ရေး အထောက်အပံ့များ ပေးနေသည့် အိန္ဒိယ၏ ကူညီထောက်ပံ့ပေးမှုကြောင့် မြန်မာ့တပ်မတော်ကို ထိပ်တိုက် တွေ့နေသော KIA ၏ စွမ်းဆောင်ရည်များကို ပိုမိုမြင့်တက်စေခဲ့သည်။

KIA တပ်ဖွဲ့ကို တွေ့ရစဉ်

အပြန်အလှန်အနေဖြင့် KIA  ကလည်း နယ်စပ်ဒေသတွင် NSCN-K/YA အပါအဝင် အိန္ဒိယဆန့်ကျင်ရေး သောင်းကျန်းသူ အုပ်စုများကို နှိမ်နင်းပေးမည်ဟု ကတိပြုခဲ့သလို အငြင်းပွားနေသည့် ချင်းပြည်နယ်နှင့် ကဘော်ချိုင်ဝှမ်းဒေသများတွင် အိန္ဒိယ၏ ကြေညာချက်များကို တိတ်တဆိတ် ထောက်ခံပေးခဲ့သည်။

မြန်မာ့တပ်မတော်မှ အရာရှိတစ်ဦးကမူ အိန္ဒိယနှင့် KIA တို့၏ သဘောတူစာချုပ်သည် နိုင်ငံတကာဥပဒေကို ဗြောင်ကျကျ ချိုးဖောက်မှု တစ်ခုဖြစ်ကြောင်း ဝေဖန်ရှုတ်ချခဲ့ပြီး မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများအတွင်း ခွင့်ပြုချက် မရှိသည့် အိန္ဒိယ၏ လှုပ်ရှားမှုများသည် ပြင်းထန်သော စစ်ရေးတုန့်ပြန်မှုများနှင့် ကြုံတွေ့ရမည် ဖြစ်ကြောင်း သတိပေးခဲ့သည်။

မြန်မာနိုင်ငံ၏ တိကျပြတ်သားသည့် သဘောဆန္ဒမပါဘဲ အိန္ဒိယ အဖွဲ့အစည်းများ၏ လမ်းဖောက်လုပ်ခြင်း၊ သယံဇာတများကို တူးဖော်ခြင်းတို့သည် အချုပ်အခြာ အာဏာပိုင်မှုနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ ပဋိညာဉ် စာတမ်း၏ အခြေခံမူများကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ထိုအရာရှိက ပြောကြားခဲ့သည်။

“အဲဒီလုပ်ဆောင်ချက်တွေက မြန်မာနိုင်ငံရဲ့ တည်ငြိမ်ရေးကို ခြိမ်းခြောက်နေရုံ သာမကဘဲ ဒေသတွင်း ကျယ်ပြန့်တဲ့ ပဋိပက္ခတစ်ခု အစပျိုးလာနိုင်တဲ့အထိ အန္တရယ်ရှိနေပါတယ်” ဟု မြန်မာ့တပ်မတော်အစိုးရ၏ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

Source: Silicon Valley Time