CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၃

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဗန်းမောက်မြို့နယ်အတွင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေကြရ  သည့် တိုက်ပွဲရှောင်များကို ရှမ်းနီစစ်ရှောင်ကူညီထောက်ပံ့ရေးနှင့် လူသားချင်း စာနာရေးအဖွဲ့(SRAHO)က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်တွင် သွားရောက် ထောက်ပံ့ကူညီခဲ့ကြောင်း သိရသည်။

SRAHO သည် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)၏ တပ်မဟာ (၆၁၄) ထိန်းချုပ်နယ်မြေတွင်းရှိ ဗန်းမောက် မြို့နယ်မှ တိုက်ပွဲရှောင်များကို စောင်၊ မျက်နှာသုတ်ပဝါနှင့် ငွေကျပ် သိန်း ၅၀ ကို သွားရောက် ကူညီထောက်ပံ့ ပေးခဲ့ခြင်းဖြစ်သည်။

ဗန်းမောက်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကတူးတပ်ဖွဲ့၊ PDF များ ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် စက်တင်ဘာ ၂၀ ရက်တွင် သိမ်းပိုက်ခဲ့သည်။

ထို့နောက် ဗန်းမောက်မြို့ပေါ်နှင့် အနီးနားရှိ ကျေးရွာများမှ အရပ်သားများသည် နေရပ်စွန့်ခွာ၍ SNA တပ်မဟာ ၆၁၄ ထိန်းချုပ်နယ်မြေ ဗန်းမောက်မြို့အနောက်ဘက်ခြမ်းကို ထွက်ပြေး တိမ်းရှောင်လာခဲ့ကြခြင်းဖြစ်သည်။

လက်ရှိတွင် SNA ထိန်းချုပ်နယ်မြေအတွင်းမှာ ဗန်းမောက်တိုက်ပွဲရှောင် ၅၀၀၀ ဝန်းကျင် ရှိနေပြီး အရေးပေါ် စားနပ်ရိက္ခာ၊ ကျန်းမာရေး စောင့်ရှောက်မှု၊ စောင်၊ အနွေးထည်များ လိုအပ်နေကြောင်း သိရသည်။

ထိုတိုက်ပွဲရှောင်များကို သက်ဆိုင်ရာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ အပါအဝင် နိုင်ငံတကာကလည်း ကူညီထောက်ပံ့မှု မရှိကြောင်း ဒေသခံများက ပြောသည်။