CNI International News

ဝါရှင်တန်၊ ဒီဇင်ဘာ ၁၂

အမေရိကန်တပ်ဖွဲ့များသည် ဗင်နီဇွဲလား ကမ်းလွန်ရေပြင်တွင် ရေနံတင်သင်္ဘောတစ်စင်းကို ဖမ်းဆီးခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ပြောကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

ထိုဖြစ်စဉ်သည် ဗင်နီဇွဲလားသမ္မတ နီကိုလက်စ် မာဒူရို (Nicolás Maduro) ၏ အစိုးရအဖွဲ့အပေါ် အမေရိကန်၏ ဖိအားများ မြင့်တက်လာမှုကို ပြသရာရောက်ခဲ့သည်။

"ကျနော်တို့ဟာ ဗင်နီဇွဲလားကမ်းလွန်မှာ ရေနံတင်သင်္ဘော တစ်စင်းကို ဖမ်းဆီးခဲ့ပါတယ်။ အဲဒီသင်္ဘောက တော်တော်ကြီးပါတယ်။ ဖမ်းခဲ့ဖူးသမျှ သင်္ဘောတွေထဲမှာ အကြီးဆုံးလို့ ပြောလို့ရပါတယ်" ဟု ထရမ့်က အိမ်ဖြူတော်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

ထိုသင်္ဘောသည် ဗင်နီဇွဲလားနှင့် အီရန်နိုင်ငံတို့၏ တားမြစ်ပိတ်ဆို့ ခံထားရသည့် ရေနံများကို ပို့ဆောင်ရာတွင် အသုံးပြုသည့် သင်္ဘောဖြစ်ကြောင်း အစိုးရရှေ့နေချုပ် ပမ် ဘွန်ဒီ (Pam Bondi) က ပြောကြားခဲ့သည်။

အမေရိကန်က ရေနံတင်သင်္ဘောကို ဖမ်းဆီးနေစဉ်

ဗင်နီဇွဲလားကမူ ရေနံတင်သင်္ဘောအား ဖမ်းဆီးခဲ့သည့် အမေရိကန်ကို ဝေဖန်ရှုတ်ချခဲ့ပြီး ထိုလုပ်ဆောင်ချက်သည် နိုင်ငံတကာပင်လယ်ဓားပြမှု လုပ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်အစိုးရရှေ့နေချုပ် ဘွန်ဒီကမူ ထိုရေနံတင်သင်္ဘောအား ဖမ်းဆီးမှုတွင် ဖက်ဒရယ် စုံစမ်းထောက်လှမ်း ရေးဗျူရို (FBI) ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမိမြေလုံခြုံရေးဝန်ကြီးဌာနနှင့် အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုကဲ့သို့ ရေနံတင်သင်္ဘောအား ဖမ်းဆီးမှုသည် ဗင်နီဇွဲလား၏ ရေနံတင်ပို့ရောင်းချမှုကို အနှောင့်အယှက် ဖြစ်စေ နိုင်ပြီး သင်္ဘောကုမ္ပဏီများကို စိုးရိမ်စေနိုင်ကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။

ဗင်နီဇွဲလားသည် အမေရိကန်နိုင်ငံ အတွင်းသို့ မူးယစ်ဆေးဝါးများ မှောင်ခိုကူးမှုနှင့် ပတ်သက်နေကြောင်း ထရမ့် အစိုးရအဖွဲ့က စွပ်စွဲခဲ့သည်။

ကမ္ဘာပေါ်တွင် ရေနံသိုက် အများဆုံး နိုင်ငံများထဲတွင် ပါဝင်နေသည့် ဗင်နီဇွဲလားနိုင်ငံကမူ အမေရိကန်သည် ၎င်း၏ သယံဇာတများကို ခိုးယူရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ပြန်လည်စွပ်စွဲခဲ့သည်။

Source: အေပီ