CNI International News

ဝါရှင်တန်၊ စက်တင်ဘာ ၄

တရားမဝင် မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည်ဟု ယူဆရသည့် ဗင်နီဇွဲလားမှ ထွက်ခွာလာသော  သင်္ဘော တစ်စင်းကို အမေရိကန်စစ်တပ်က စက်တင်ဘာ ၂ ရက်တွင် တိုက်ခိုက်ခဲ့သဖြင့် လူ ၁၁ ဦးသေဆုံးခဲ့သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ထိုဖြစ်စဉ်သည် ကာရစ်ဘီယံတောင်ပိုင်း ရေပြင်များသို့ အမေရိကန် စစ်သင်္ဘောများ ဖြန့်ကြက်ချထားပြီး နောက်ပိုင်း ပထမဆုံး စစ်ဆင်ရေးတစ်ခု ဖြစ်ခဲ့သည်။

“ကျနော်တို့က နောက်ဆုံး မိနစ်အချိန်မှာပဲ သင်္ဘောတစ်စင်းကို ပစ်ခဲ့ပါတယ်။ မူးယစ်ဆေးဝါးတွေ သယ်ဆောင် လာတဲ့ သင်္ဘောပါ။ သင်္ဘောပေါ်မှာ မူးယစ်ဆေးဝါးတွေ အများကြီး ပါပါတယ်” ဟု ထရမ့်က အိမ်ဖြူတော်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

“ဒါပေမယ့် ပြဿနာက မပြီးသေးပါဘူး။ ကျနော်တို့ နိုင်ငံထဲကို မူးယစ်ဆေးဝါးတွေ အများကြီး ဝင်ရောက်ခဲ့ ပြီးပါပြီ။ ဟိုးအရင်ကတည်းကပါ။ အဲဒီ မူးယစ်ဆေးဝါးတွေက ဗင်နီဇွဲလားနိုင်ငံက ထွက်လာတာ ဖြစ်ပါတယ်” ဟု ထရမ့်က ပြောကြားခဲ့သည်။

ထရမ့်သည် နောက်ပိုင်းတွင် ၎င်း၏ Truth Social လူမှုမီဒီယာတွင် ပင်လယ်ပြင်၌ စပိဘုတ်တစ်စင်းကို ဒရုန်း တစ်စင်းဖြင့် တိုက်ခိုက်နေသည့် ဗွီဒီယိုနှင့် စပိတ်ဘုတ် မီးလောင် ပေါက်ကွဲသွားသော ဗွီဒီယိုမှတ်တမ်းများကို တင်ခဲ့သည်။

ထရမ့် ထုတ်ပြန်တဲ့ ဗွီဒီယိုထဲက တိုက်ခိုက်ခံရတယ်ဆိုတဲ့ သင်္ဘောကို တွေ့ရစဉ်

“ဒီတိုက်ခိုက်မှုမှာ အကြမ်းဖက်သမား ၁၁ ယောက် သေဆုံးသွားပါတယ်။ ကျနော်တို့ အမေရိကန်တပ်ဖွဲ့တွေ ဘက်က ထိခိုက်ဒဏ်ရာ မရခဲ့ပါဘူး”ဟု ထရမ့်က ပြောကြားခဲ့သည်။

စပိဘုတ်ပေါ်တွင် လိုက်ပါလာသည့် သင်္ဘောသားများသည် ဗင်နီဇွဲလား၏ Tren de Aragua လူဆိုးဂိုဏ်းဝင်များ ဖြစ်ကြောင်း အမေရိကန်စစ်တပ်က စုံစမ်းဖော်ထုတ်နိုင်ခဲ့သည်ဟု ဆိုသည်။

Tren de Aragua အဖွဲ့သည် အမေရိကန်တွင် အကြမ်းဖက်အဖွဲ့ သတ်မှတ်ခံထားရပြီး ထိုအဖွဲ့ကို ဗင်နီဇွဲလား သမ္မတ မာဒူရို (Nicolas Maduro) က ထိန်းချုပ်ထားကြောင်း ထရမ့်က ပြောကြားခဲ့သည်။

ဗင်နီဇွဲလားနိုင်ငံ၏ ဆက်သွယ်ရေးဝန်ကြီး ဖရက်ဒီ နာနက်ဇ် (Freddy Nanez) ကမူ လူမှုမီဒီယာပေါ်တွင် ထရမ့် တင်ထားသည့် ဗွီဒီယိုသည် AI ဖြင့် ဖန်တီးထားသော ဗွီဒီယိုဖြစ်ကြောင်း ပြောကြားခဲ့သည်။

Source: ရိုက်တာ