CNI Article
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၀
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂ ရက်က အမေရိကန်ရေတပ်၏ ဖျက်သင်္ဘောတစ်စီးသည် ကာရစ်ဘီယံတောင်ပိုင်းတွင် သင်္ဘောတစ်စီးကို ပစ်ခတ်နှစ်မြှုပ်ခဲ့သဖြင့် လူ ၁၁ ဦး သေဆုံးခဲ့သည်။
ထိုသင်္ဘောသည် ဗင်နီဇွဲလား၏ Tren de Aragua ဒုစရိုက်ဂိုဏ်းနှင့် ဆက်နွှယ်သည့် မူးယစ်ဆေးဝါးများ တင်ဆောင်လာသော သင်္ဘောဟု အမေရိကန်က ကြေညာခဲ့သည်။
ရက်ပိုင်းအကြာတွင် ဗင်နီဇွဲလား တိုက်လေယာဉ် နှစ်စင်းသည် အမေရိကန်၏ USS Jason Dunham စစ်သင်္ဘောအနီး၌ သတိပေးသည့် အနေဖြင့် အနီးကပ်ပျံသန်းခဲ့သည်။
အမေရိကန်၏ ပင်တဂွန်စစ်ဌာနချုပ်ကမူ ထိုလုပ်ဆောင်ချက်ကို ပြင်းထန်သည့် ရန်လိုမှုဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဗင်နီဇွဲလားအစိုးရက ကာရစ်ဘီယံရေပြင်တွင် သင်္ဘောတစ်စင်းအား နှစ်မြှုပ်ခဲ့သည့် အမေရိကန်၏ တိုက်ခိုက်မှုကို ရှုံ့ချခဲ့ပြီး ထိုတိုက်ခိုက်မှုသည် ဗင်နီဇွဲလားအစိုးရအား အပြောင်းအလဲဖြစ်စေရန် လုပ်ဆောင်သည့် ရှေ့ပြေးနိမိတ် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ဗင်နီဇွဲလားအစိုးရသည် သောင်းနှင့်ချီသော တပ်ဖွဲ့ဝင်များကို စစ်စည်းရုံးကာ အမေရိကန်က ကျူးကျော် လာပါက တော်လှန်ရေးအစိုးရအဖြစ် ပြောင်းလဲသွားမည်ဟု ဗင်နီဇွဲလားသမ္မတ နီကိုလက်စ် မာဒူရို (Nicolás Maduro) က ပြောကြားခဲ့သည်။
ထရမ့် အစိုးရအဖွဲ့ကမူ ၎င်းတို့၏ လုပ်ဆောင်ချက်သည် ကာကွယ်ရေး သက်သက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
သို့သော် ပင်လယ်ရေကြောင်း ကင်းလှည့်မှုမှအစ ပွာတိုရီကိုကျွန်းတွင် F-35 ကိုယ်ပျောက် တိုက်လေယာဉ်များ ဖြန့်ကြက်ချထားမှုသည် ကာကွယ်ရေး သက်သက်ဆိုသည့် စကားလုံးထက် အဓိပ္ပာယ်များစွာ ပိုမိုသက်ရောက် နေသည်။
အထူးသဖြင့် အမေရိကန်သည် မူးယစ်ဆေးဝါး နှိမ်နင်းရေးစစ်ပွဲကို ပထဝီနိုင်ငံရေး ထိပ်တိုက်တွေ့မှုအဖြစ် ပြောင်းလဲနေပြီး လက်တင်အမေရိကတွင် တရုတ်၏ ဩဇာလွှမ်းမိုးမှုကို ထိပ်တိုက်တွေ့ရန် အရဲစွန့်လှုပ်ရှား ဖွယ်ရှိသည်။
ဆယ်စုနှစ်များစွာကြာ အမေရိကန် မူးယစ်ဆေးဝါး နှိမ်နင်းရေးသည် ကမ်းခြေစောင့်တပ်ဖွဲ့နှင့် ဒေသဆိုင်ရာ တာဝန်ရှိ တပ်ဖွဲ့များအပေါ် မှီခိုအားထားခဲ့သည်။
တရုတ်နဲ့ အမေရိကန် ကုန်သွယ်ရေးစစ်ပွဲကို သရုပ်ဖော်ထားစဉ်
သို့သော် ကာရစ်ဘီယံဒေသတွင် USS Iwo Jima စစ်သင်္ဘော၊ ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘောများနှင့် နျူကလီးယား ရေငုပ်သင်္ဘောများ ပါဝင်သည့် စစ်သင်္ဘောအုပ်စုကို ဖြန့်ကြက်ချထားမှုသည် မူးယစ်ဆေးဝါး နှိမ်နင်းရေးအတွက် မဟုတ်ဘဲ အစိုးရအဖွဲ့ အပြောင်းအလဲ တစ်ရပ်အတွက် ပြင်ဆင်မှုများနှင့် ဆင်တူနေသည်။
အဘယ်ကြောင့်ဆိုသော် ဗင်နီဇွဲလားသည် စွမ်းအင်များ တူးဖော်ပြီး ပြည်ပသို့ ရောင်းချနေရသည့် စီးပွားရေး အင်အားနည်းသော နိုင်ငံမဟုတ်တော့ပေ။
ဗင်နီဇွဲလားသည် ကမ္ဘာ့အနောက်ခြမ်းဒေသတွင် တရုတ်၏ အရေးအကြီးဆုံး မိတ်ဖက်နိုင်ငံများထဲတွင် ပါဝင် လာခဲ့ကာ တရုတ်သည် ၎င်း၏ ပတ်လမ်းရပ်ဝန်းစီမံကိန်း (BRI) အောက်၌ ဗင်နီဇွဲလားအတွက် ချေးငွေများနှင့် ရင်းနှီးမြှုပ်နှံမှုများကို ဒေါ်လာဘီလျံနှင့်ချီ ထောက်ပံ့ပေးနေခြင်းကြောင့် ဖြစ်သည်။
ထို့ကြောင့် အမေရိကန်သည် ဗင်နီဇွဲလား ကမ်းလွန်ရေပြင်များတွင် မူးယစ်ဆေးဝါး နှိမ်နင်းရေးကို စစ်ပုံစံ သွင်းခြင်းဖြင့် အမေရိကန်၏ နောက်ကျောဘက်၌ တရုတ်၏ ဩဇာတည်ထောင်မှုကို သည်းခံမည် မဟုတ်ကြောင်း အရိပ်လက္ခဏာ ပြနေခြင်းဖြစ်သည်။
အမေရိကန်ပြည်တွင်းတွင်မူ မူးယစ်ဆေးဝါး မှောင်ခိုကူးမှုကို တရားမဝင် ရွှေ့ပြောင်း နေထိုင်သူများအရေး၊ ကြီးလေးသည့် ရာဇဝတ်မှုများနှင့် တန်းတူ သတ်မှတ်ထားသည့် ထရမ့်၏ နိုင်ငံရေး အယူအဆသည် အားကောင်း လာခဲ့သည်။
ထို့ကြောင့် အမေရိကန်သည် မူးယစ် အကြမ်းဖက် သမားများကို စစ်အင်အား အသုံးပြုပြီး နှိမ်နင်းနေသည့် အသွင်ဖြင့် ပုံဖော်နေခြင်းဖြစ်သည်။
သို့သော် တရုတ်ကမူ ထိုအခြေအနေကို မတူကွဲပြားစွာ ရှုမြင်ထားသည်။
တရုတ်ကုမ္ပဏီများသည် ဗင်နီဇွဲလား၏ ရေနံ၊ လျှပ်စစ်စွမ်းအင်နှင့် အခြေခံ အဆောက်အအုံများတွင် ရင်းနှီး မြှုပ်နှံမှုများကို တိုးမြှင့်ခဲ့သည်။
ထို့ကြောင့် ဗင်နီဇွဲလား ကမ်းလွန်ရေပြင်ရှိ အမေရိကန် စစ်သင်္ဘော အုပ်စုသည် မူးယစ်ဆေးဝါး နှိမ်နင်းရေးကို အကြောင်းပြပြီး တရုတ်၏ ခြေကုပ်ယူမှုကို အားနည်းစေရန် ကြိုးပမ်းဖွယ်ရှိသည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဗင်နီဇွဲလားသမ္မတ မာဒူရိုကို တွေ့ရစဉ်
အမေရိကန်ရေတပ်သည် တောင်တရုတ်ပင်လယ်တွင် ရေတပ်သင်္ဘောများဖြင့် ကင်းလှည့်မှုများ ပြုလုပ်ပြီး တရုတ်ကို ဖိအားပေးရန် ကြိုးပမ်းခဲ့သည်။
ယခုအခါတွင်မူ တရုတ်သည် ဗင်နီဇွဲလားနိုင်ငံကို ခြေကုပ်ယူပြီး အမေရိကန်ကို ပြန်လည်ဖိအားပေးရန် ကြိုးပမ်းနေသည်ဟု အမေရိကန်အစိုးရက ယူဆနေသည်။
မာဒူရို အတွက်မူ အမေရိကန်၏ စစ်အင်အား ဖြန့်ကြက်မှုသည် ၎င်းအတွက် အန္တရာယ်များသလို နိုင်ငံရေး အကျိုးအမြတ်လည်း ရရှိနိုင်သည်။
အမေရိကန်က ဖိအားပေးလေလေ၊ မာဒူရိုသည် ၎င်း၏ အာဏာသက်တမ်း ရှည်ရေးအတွက် တရုတ်နှင့် ရုရှား ဘက်သို့ ရောက်ရှိသွားလေလေ ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် အမေရိကန်၏ မဟာဗျူဟာသည် ဗင်နီဇွဲလားကို တရုတ်နှင့် ဆက်ဆံရေး ပိုမိုနီးကပ်သွားစေမည့် အခြေအနေသို့ ရောက်ရှိစေမည်ဖြစ်သည်။
လက်ရှိ အချိန်တွင် အမေရိကန်၏ စစ်အင်အား ဖြန့်ကြက်မှုကို လက်တင်အမေရိကနိုင်ငံများ၏ အစိုးရများက သတိထားနေကြသည်။
မက္ကဆီကို သမ္မတ ကလော်ဒီယာ ရှိန်းဘမ်း (laudia Sheinbaum) ကမူ တစ်ဖက်သတ် စစ်ရေးအသွင်ဆောင်သည့် လုပ်ဆောင်ချက်များကို ဆန့်ကျင်ကြောင်း သတိပေးခဲ့သည်။
ဘရာဇီးလ်သမ္မတ၏ အကြံပေးပုဂ္ဂိုလ် ဆဲလ်ဆို အမ်မိုရင် (Celso Amorim) ကလည်း လက်တင်အမေရိကသည် ပြည်ပ၏ ကြားဝင်စွက်ဖက်မှုများကြောင့် နာကျင်ခံစားခဲ့ရသည့် ဖြစ်ရပ်များ ရှိခဲ့ကြောင်း အမေရိကန်ကို သတိပေး ခဲ့သည်။
မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွင် အမေရိကန်၏ ကာလကြာရှည် မဟာမိတ်ဖြစ်ခဲ့သည့် ကိုလံဘီယာနိုင်ငံကမူ ပဋိပက္ခဖြစ်လာမည့် အရေးကို စိုးရိမ်ကြောင်း လေသံပစ်လာခဲ့သည်။
တရုတ်ကမူ အခြေအနေကို အနီးကပ် စောင့်ကြည့်နေဆဲဖြစ်သည်။
တရုတ်သည် လွန်ခဲ့သည့် နှစ်များကတည်းက အမေရိကန်၏ စစ်အင်အား ဖြန့်ကြက်မှုကို ဆန့်ကျင်ရန်အတွက် ငွေကြေးရင်းနှီးမြှုပ်နှံမှု မက်လုံးများကို အသုံးပြုခဲ့သည်။
အကယ်၍ အမေရိကန်အနေဖြင့် စစ်အင်အားပြ ခြိမ်းခြောက်သည့် နိုင်ငံခြားရေးမူဝါဒကို အရှိန်မြှင့်မည်ဆိုပါက တရုတ်ကလည်း ၎င်း၏ အာဏာအပျော့ကိုသုံးပြီး စွမ်းအင်နှင့် ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်မည်ဖြစ်သည်။
အမေရိကန်သည် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ အထူးသဖြင့် ဗင်နီဇွဲလားကို အကြောင်းပြုပြီး တရုတ်နှင့် Proxy War ဆင်နွှဲမည်ဆိုပါက ဒေသတွင်း တည်ငြိမ်မှုကို အရဲစွန့် လုပ်ဆောင်ရမည်ဖြစ်သည်။
ထို့ကြောင့် အမေရိကန်အတွက် အဓိကခြိမ်းခြောက်မှုမှာ မူးယစ်ဆေးဝါး ဆိုခြင်းထက် ပထဝီနိုင်ငံရေး ပဋိပက္ခ ဖြစ်နိုင်သည် ဆိုသည့်အချက်ကို သတိမပြုမိပါက အမေရိကနိုင်ငံများတွင် အင်အားချိန်ခွင်လျှာ ပြောင်းလဲသွား စေလိမ့်မည်ဖြစ်သည်။
Source: Asia Times